ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ကစားသမား ကိုင်စီဒိုကို ခေါ်ယူဖို့ အတွက် ဘရိုက်တန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေရာ ဆွေးနွေးမှုတွေက အဆင်ပြေ အောင်မြင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ နီကိုလို ရှခီရာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အဓိက ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ မေဆန်မောင့် ၊ ကိုဗာဆစ်နဲ့ ကန်တီတို့ကို ဆုံးရှုံးထားရတာကြောင့် ကွင်းလယ်ပိုင်းကို မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်နေပြီး ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ဘရိုက်တန်ကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ကိုင်စီဒိုကို အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: The Sun

အသက် ၂၁နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုက လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ် ကစားသမား ၁၀ဦး စာရင်းထဲ ဝင်ထားနိုင်သူ သူက ဗဟိုကွင်းလယ်နေရာမှာရော ကွင်းလယ်ခံစစ် နေရာမှာပါ ကောင်းကောင်း ကစားနိုင်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အန်ဇို ဖာနန်ဒက်ဇ်နဲ့ တွဲဖက်ပေးဖို့ အတွက် ကိုင်စီဒိုကို ခေါ်ယူရန် ကြိုးစားနေကြပြီး ကိုင်စီဒိုကလည်း သူ့ရဲ့ ကစားသမား ဘဝအတွက် ယခု နွေဈေးကွက် အတွင်းမှာ ဘရိုက်တန်ကို စွန့်ခွာကာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ချယ်လ်ဆီးက ကိုင်စီဒိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ပြီး ချယ်လ်ဆီးဟာ ကိုင်စီဒိုကို ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ စီစဉ်နေသလို ကိုင်စီဒိုကလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ ချယ်လ်ဆီးလို သမိုင်းအစဉ်အလာ ကြီးမားတဲ့ အသင်းဆီ ပြောင်းရွှေ့ချင်ကြောင်း ထုတ်ဖော် ​ဝန်ခံထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ နီကိုလို ရှခီရာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ကိုင်စီဒိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဘရိုက်တန်နဲ့ ကိုင်စီဒိုရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ချယ်လ်ဆီးနဲ့ ဘရိုက်တန်တို့က ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း ဝန်းကျင်နဲ့ အရောင်းအဝယ် လုပ်ဆောင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။