ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ပြင်သစ် လီဂူးဝမ်းကလပ် မိုနာကိုရဲ့ ဗဟိုနောက်ခံလူ ဘာဒစ်ရှီလာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အမေရိကန် ဘီလီယံနာ တော့ပ် ဘိုလေက ချယ်လ်ဆီးကို ဝယ်ယူပြီးနောက် ရေရှည် စီမံကိန်း တခု ရေးဆွဲကာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး တော့ပ် ဘိုလေက အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို တရစပ် ခေါ်ယူကာ အသင်းရဲ့ လူငယ်အင်အားကို ဆက်တိုက် ဆိုသလို ဖြည့်တည်းနေခဲ့ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အသက်အရွယ် ရလာတဲ့ သီယာဂို ဆေးလ်ဗားရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အရည်အသွေး မြင့်မားကာ ငယ်ရွယ်သေးသလို ပြောင်းရွှေ့ကြေးလည်း သက်သာတဲ့ မိုနာကို ဗဟိုခံစစ်မှူး ဘာဒစ်ရှီလာကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဘာဒစ်ရှီလာကလည်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘာဒစ်ရှီလာက ဆယ်ကျော်သက် အရွယ်မှာကတည်းက ဥရောပ အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူဟာ မိုနာကို အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးက သူ့ကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေတာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဘာဒစ်ရှီလာနဲ့ စာချုပ်ကိစ္စ ဆွေးနွေးနေသလို မိုနာကိုရဲ့ တာဝန်ရှိသူတွေနဲ့လည်း ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ မိုနာကိုတို့ရဲ့ ကြားထဲမှာ ဘာဒစ်ရှီလာ အတွက် တရားဝင် ဆွေးနွေးမှုတွေ ရှိနေပြီး မိုနာကိုဘက်က ဘာဒစ်ရှီလာ အတွက် စုစုပေါင်း ပြောင်း​ရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။