အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းကြီးတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းကြီးတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ခံစစ် ကစားသမား ဒေးဗစ် အလာဘာ ကို လာမယ့် နှစ် နွေရာသီမှာ လက်မှတ်ထိုး ခေါ်ယူဖို့ အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း နဲ့ ဒေးဗစ် အလာဘာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီး အသင်းဟာ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ဒေးဗစ် အလာဘာ အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်း မှာ ကစားသမား စာချုပ်သက်တမ်း အားဖြင့် ၆ လ သာ ကျန်ရှိတော့တာ ဖြစ်ပြီးတော့ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ကြပေမယ့် ရလဒ်ကတော့ အကောင်းဘက်မှာ ရှိမနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

အဆိုပါ အခြေအနေတွေကြောင့် ဘိုင်ယန်မြူးနစ် ခံစစ် ကစားသမား ဒေးဗစ် အလာဘာ ကိုယ်တိုင် ကလည်း ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီကို သူနဲ့ သင့်တော်မယ့် အသင်းသစ် တစ်သင်း ရှာဖွေ ခိုင်းထားပါတယ်။ ဒေးဗစ် အလာဘာ ရဲ့ အေးဂျင့် ဖြစ်သူ ပီနီ ဇဟာဗီကလည်း သူ့ရဲ့ ကစားသမားဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်ဖို့ အတွက် ချယ်လ်ဆီး အသင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေး သွားမှာ ဖြစ်ကြောင်း နဲ့ ချယ်လ်ဆီး အသင်းဘက်ကနေလည်း ကစားသမားအ‌ပေါ် အကောင်းဆုံး ကမ်းလှမ်းမှု‌ တွေ ပြုလုပ်သွားမယ်လို့ ယုံကြည်ရကြောင်း မကြာသေးခင်က အတည်ပြု ပြောဆို ထားပါသေးတယ်။

Photo Credit: Express

ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ဖရန့် လန်းပတ် ကိုယ်တိုင်ကလည်း ဒေးဗစ် အလာဘာ ရဲ့ ခြေစွမ်းပိုင်း နဲ့ ပတ်သက်ပြီး အထူး သဘောကျနေခဲ့ကာ အလာဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၂၈ နှစ် ရှိပြီ ဖြစ်တဲ့ ဒေးဗစ် အလာဘာ ဟာ ခံစစ်ကစားသမား ကောင်း တစ်ဦး ဖြစ်ပြီးတော့ ဗဟိုခံစစ်၊ ဘယ်ခြမ်းခံစစ် နဲ့ လိုအပ်ရင် ကွင်းလယ်မှာတောင် ကစားပေးနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ချယ်လ်ဆီးနည်းပြ လန်းပတ်က အထူး စိတ်ဝင်စား နေရတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူ မာရီနာ ဂရန်နိုစကာရီးရား ကလည်း အလာဘာ အတွက် အရေးကြီးတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။ အကယ်၍ အလာဘာ သာ ချယ်လ်ဆီး အသင်းကို ရောက်ရှိလာရင် ယခုလက်ရှိ ဘယ်ခြမ်း ခံစစ် ကစားသမားတွေ ဖြစ်ကြတဲ့ မားကို့စ် အလွန်ဆို နဲ့ အီမာဆန် တို့ကို ချယ်လ်ဆီးအသင်းဟာ ရောင်းချသွားနိုင်ပါတယ်။