ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်လူ ဆာအူလ် နီဂွက်စ်ကို တရာသီ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက်အတွင်း ဘာကာယိုကို ၊ ဂေးလ်မား စတဲ့ ကွင်းလယ်လူတွေကို လက်လွှတ်ထားရတာကြောင့် နွေဈေးကွက် မပိတ်သိမ်းမီ အသင်းရဲ့ အရန်အင်အား အတွက် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Express

တဖက်မှာလည်း အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ငယ်မွေးခြံပေါက် ကွင်းလယ်လူ ဆာအူလ် နီဂွက်စ်ဟာ အသင်းနည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေပြီး အက်သလက်တီကို မက်ဒရစ်အသင်းကလည်း သူ့ကို အပြီးသတ် ရောင်းချခြင်း (သို့) အငှားချခြင်းတွေကို ပြုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကျော် သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ချယ်လ်ဆီးအသင်းဟာ ဆာအူလ် နီဂွက်စ်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အငှားနဲ့ ခေါ်မလား ၊ မခေါ်ဘူးလား ဆိုတာကို လာမယ့်ရက်ပိုင်း အတွင်း ဆုံးဖြတ်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Express

ဒါပေမယ့် လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေကတော့ ချယ်လ်ဆီးအသင်းရဲ့ အဓိက ပစ်မှတ် ကွင်းလယ်လူဟာ မိုနာကိုအသင်းရဲ့ ကွင်းလယ်လူ ချူအိုမီနီဖြစ်ကြောင်းနဲ့ ချူအိုမီနီကို မခေါ်ယူနိုင်မှသာ ဆာအူလ်ကို အစားထိုး ကစားသမား အဖြစ် ပြောင်းလဲ ခေါ်ယူမှာ ဖြစ်ကြောင်း ဖော်ပြထားကြပါတယ်။