MySport Myanmar

ရေပန်းစားမှု နည်းပါးတဲ့ နည်းပြကိုမှ နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ အသင်းရဲ့ ကစားသမားဟောင်း နည်းပြဟောင်း ဖရန့်လမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးထားခဲ့ပြီး လမ်းပတ်သာ ဒီရာသီအပြီးထိ တာဝန်ယူပြီးရင် ချဲလ်ဆီးဘက်က နာဂယ်စမန်း အင်းနရစ် အစရှိတဲ့ နည်းပြတွေထဲကမှ တစ်ဦးဦးကို ရွေးချယ် ခန့်အပ်ဖွယ် ရှိနေပေမယ့် ဘယ်သူမှ မထင်ထားတဲ့ နည်းပြတစ်ဦးကိုလည်း ခန့်အပ်သွားဖို့လည်း ရှိနိုင်ပါတယ်။

Photo Credit : We Ain’t Got No History

ဘရာဇီးလ် အခြေစိုက် သတင်းမီဒီယာ UOL ရဲ့ သတင်းဖော်ပြချက်ထဲမှာတော့ ချဲလ်ဆီးအသင်းက အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းရဲ့ နည်းပြဟောင်း မာဆယ်လိုဂယ်လ်လာဒိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တကယ်တော ဂယ်လ်လာဒိုဟာ ရေးဗားပလိတ်အသင်းမှာ လက်ရှိ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်နဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပြီး ဖာနန်ဒက်ဇ်ကိုယ်တိုင်ကလည်း သူ့ဆရာသမားဟောင်းကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသင်းပိုင်ရှင်ဆီ recommend ပေးထားခဲ့သေးတယ်လို့ UOL က ဖော်ပြထားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၄၇)နှစ်အရွယ် အာဂျင်တီးနား ကစားသမားဟောင်းကြီး ဂယ်လ်လာဒိုက ကစားသမားဘဝအတွင်းမှာ ရေးဗားပလိတ် ပီအက်စ်ဂျီ မိုနာကိုအသင်းတို့တွင် ပါဝင်ခဲ့ဖူးပြီး အာဂျင်တီးနားအတွက်ကိုလည်း ပွဲပေါင်း (၅၀)နီးပါးလောက်အထိ ကစားထားခဲ့ဖူးပါသေးတယ်။ ကစားသမားဘဝ အနားယူချိန်မှာတော့ ဂယ်လ်လာဒိုဟာ သူ နောက်ဆုံး ပါဝင်ခဲ့တဲ့ နေစီယွန်နယ်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ နောက်ထပ် သူရဲ့အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ရေးဗားပလိတ်ကို ထပ်မံ ကိုင်တွယ်ဖြစ်ခဲ့ပါတယ်။

Photo Credit : The Sun

ရေးဗားပလိတ်အသင်းမှာ ၂၀၁၄ခုနှစ်ကနေ ၂၀၂၂ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ဂယ်လ်လာဒိုက အဲ့ဒီကာလအတွင်း ဆုဖလားပေါင်း (၁၄)ခုအထိ ရယူထားနိုင်ခဲ့ပြီး ဂယ်လ်လာဒိုအနေနဲ့ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပေမယ့်လည်း သူက ရေးဗားပလိတ်နဲ့ လမ်းခွဲခဲ့တာဖြစ်ကာ ဘောလုံးနယ်ပယ်ကနေ ခေတ္တ အနားယူချင်တာကြောင့်သာ ရေးဗားပလိတ်နဲ့ လက်တွဲဖြုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းက ဒီ တောင်အမေရိက လူမျိုး နည်းပြကို အလိုရှိနေတာဖြစ်ပြီး ဖာနန်ဒက်ဇ်ကလည်း သူ့ဆရာဟောင်းနဲ့ ပြန်လည် လက်တွဲလိုနေပါတယ်။

Exit mobile version