လက်ရှိဘောလုံးရာသီမှာ စပိန်အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကနေ ဂျာမဏီအင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းထံကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားနေတဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ကော်တင်ဟိုဟာ လာမယ့် ဘောလုံးရာသီမှာ သူကျင်လည်ခဲ့ရာ ပရီးမီးယားလိဂ် ကို ပြန်လည် ရောက်ရှိဖွယ် ရှိနေတယ်လို့ စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၇နှစ်အရွယ် ကော်တင်ဟို ဟာ လက်ရှိ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဘွန်ဒက်လီဂါပွဲစဉ် ၂၂ပွဲ ပါဝင် ကစားပေးထားရာမှာ ၈ဂိုးသွင်းယူပေးထားကာ ၆ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပေမယ့် လာမယ့် ဘောလုံးရာသီမှာတော့ ဘာစီလိုနာအသင်းကိုပဲ ပြန်ပြောင်းရဖွယ် ရှိနေပါတယ်။

Photo Credit: Talksport.com

ဘိုင်ယန်မြူးနစ်အသင်းဟာ ကော်တင်ဟိုကို အငှားစာချုပ် ပြီးဆုံးပါက အပြီးသတ် ခေါ်ယူခွင့် ရရှိထားပေမယ့် ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပမာဏဟာ များပြားလွန်းတာကြောင့် ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူမှု မပြုလုပ်ပဲ နောက်ထပ် တစ်ရာသီသာ ထပ်မံ အငှားနဲ ခေါ်ယူသွားဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာ အသင်းဘက်က ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဂျာမဏီ သတင်းဌာန အများစုက ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကော်တင်ဟိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းကောင်း တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ပြင်းပြင်းထန်ထန်ကို ကြိုးစားနေပြီး ချယ်လ်ဆီးအသင်းဟာ တစ်ရာသီအငှားနဲ့ အငှားစာချုပ်ကုန်ဆုံးပါက တစ်ပါထဲ ဝယ်ယူပါ့မယ်ဆိုတဲ့ အချက်အလက်တွေနဲ့ ကော်တင်ဟိုကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ လန်ဒန် အခြေစိုက် သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Talksport.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်းဟာ ကော်တင်ဟိုအတွက် ဘာစီလိုနာအသင်းကို အငှားကြေး ပေါင်၂သန်း ဝန်းကျင် ပေးချေသွားမှာဖြစ်ကြောင်း သိရပြီး တစ်ရာသီအငှားစာချုပ် ကုန်ဆုံးသွားပါက ကော်တင်ဟိုကို ပြောင်းရွှေ့ကြေး ပေါင်၇၀သန်း ပေးချေကာ အပြီးသတ် ခေါ်ယူမှာဖြစ်တယ်လို့ သိရပြီး ကော်တင်ဟိုဘက်ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ သဘောတူညီချက်နဲ့အတူ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပြီး ဘိုင်ယန်မြူးနစ်အသင်းဘက်ကတော့ ကော်တင်ဟိုကို အငှားနဲ့ ထပ်မံခေါ်ယူဖို့အရေးကို လက်မလျော့ သေးဘူးလို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟထားကြပါတယ်။