ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ တက်သစ်စ ကွင်းလယ်ကြယ်ပွင့် ကိုင်ဟားဗက် ကို ခေါ်ယူဖို့အတွက် အလွန်အမင်း နီးစပ်နေပြီ ဖြစ်ကြောင်း ဥရောပရဲ့ နာမည်ကြီး သတင်းဌာန အတော်များများက ဖော်ပြသွားခဲ့ကြပါတယ်။ လန်ဒန် အခြေစိုက် ထိပ်သီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံးရာသီ မှာ အသင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး အသင်းရဲ့ ဝါရင့် တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ ပတ်ဒရို ၊ ဝီလီယံတို့ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာခွင့် ပြုဖွယ် ရှိနေပြီး အသင်းနည်းပြ ဖြစ်သူ လမ်းပတ်ရဲ့ စိတ်ကြိုက် ကစားသမားတွေနဲ့ အသင်းကို ပြန်လည် စုစည်းဖို့ ကြိုးစားနေတာပါ။

Photo Credit: Caughtoffside

ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံး ရာသီအတွက် ကစားသမား ခေါ်ယူမှု နှစ်ခုကို ပြုလုပ်ထားခဲ့တဲ့ အသင်းဖြစ်ပြီး အေဂျက်အသင်းရဲ့ တောင်ပံကစားသမား ဇီရက်ဇ်နဲ့ လစ်ဇက် အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာတို့ကို ပြောင်းရွှေ့ကြေး ပေါင်၉၀သန်း ဝန်းကျင် အသုံးပြုကာ ခေါ်ယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပတ်ကတော့ သူ့အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားကို မြှင့်တင် လိုနေပြီး ဝီလီယံ ၊ ပတ်ဒရို တို့သာ ထွက်သွားပါက ဇီရက်ဇ် ၊ အိုဒွိုင်း ၊ ပူလီဆစ် စတဲ့ ကစားသမားတွေသာ ရှိတဲ့ တောင်ပံ တိုက်စစ် အခန်းကဏ္ဍအတွက် ကွင်းလယ်မှာ နေရာမျိုးစုံ ကစားနိုင်သလို ညာတောင်ပံနဲ့ တစ်ခါတရံ နောက်ချန်တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်စွမ်းရှိတဲ့ အသက်၂၁နှစ်အရွယ် ကိုင် ဟားဗက်ကို ခေါ်ယူလိုနေတာပါ။

Photo Credit: Caughtoffside

နာမည်ကြီးသတင်းဌာန တစ်ခုဖြစ်တဲ့ ESPN ရဲ့ ဖော်ပြမှုအရတော့ လက်ရှိမှာ ဟားဗက်ကို ခေါ်ယူဖို့အတွက် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကလည်း ချယ်လ်ဆီးအသင်းနဲ့ အပြိုင် စိတ်ဝင်စားနေခဲ့ပေမယ့် ဟားဗက်ကတော့ ချယ်လ်ဆီးအသင်း ထံကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါ့အပြင် လေဗာကူဆင်အသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ဗိုလာရဲ့ ဖွင့်ဟ ဝန်ခံထားမှုအရ လာမယ့် နွေအပြောင်းအရွှေ့မှာ ဟားဗက်ဟာ လေဗာကူဆင်အသင်း ကနေ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ထွက်ခွာခွင့် ရရှိထားပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ လက်ရှိမှာ ဘိုင်ယန် မြူးနစ်အသင်းရော ချယ်လ်ဆီးအသင်းကပါ လေဗာကူဆင်အသင်းက ဟားဗက်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၉၀ သန်းကို ပေးချေဖို့ အသင့် ရှိနေတယ်လို့လည်း သိထားရပါတယ်။