လက်ရှိ နွေစျေးကွက် အတွင်းမှာ လူအင်အား ဖြည့်တင်းမှု များစွာ ပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းဟာ လက်ရှိမှာတော့ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ ကြိုးစားလာတယ် လို့ အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားခဲ့ကြပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဒီကလန်ရိုက်စ် ဟာ ဝက်စ်ဟမ်း အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ တစ်ဦး ဖြစ်ပြီး ဝက်စ်ဟမ်း အသင်းရဲ့ အသင်း ခေါင်းဆောင် အဖြစ် တာဝန် ယူထားပေမယ့် လက်ရှိ ဘောလုံး ရာသီမှာ ဝက်စ်ဟမ်း အသင်းရဲ့ ရလဒ်တွေဟာ အတော်လေးကို ဆိုးရွား နေတာကြောင့် ချယ်လ်ဆီး အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန် နေပါတယ်။

 

Photo Credit: Express

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရ ဒီကလန်ရိုက်စ် ဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာပဲ ချယ်လ်ဆီး အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေပြီး အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ ဝက်စ်ဟမ်း အသင်းအား တောင်းဆိုဖွယ် ရှိကြောင်း သိရှိ ရပါတယ်။ ဒါအပြင် ချယ်လ်ဆီး အသင်းဟာ လက်ရှိမှာ ဝက်စ်ဟမ်း အသင်းထံ တရားဝင် ဆက်သွယ်မှု မပြုလုပ်ရ သေးပေမယ့် ရိုက်စ်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး သူတို့ အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို ဦးစွာ ရောင်းချ ပြီးမှ ရိုက်စ် အတွက် ဝက်စ်ဟမ်း အသင်းထံ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်မယ် လို့လည်း Romano က ဆိုထားပါတယ်။

Photo Credit: Express

ချယ်လ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ စျေးကွက် အတွင်းမှာ ကစားသမား ခုနှစ်ဦး အထိ ခေါ်ယူ ထားတာကြောင့် UEFA ရဲ့ FFP စည်းမျဉ်းနဲ့ ကိုက်ညီ စေရန် အတွက် အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို ရောင်းထုတ် ရဖို့ ရှိနေပြီး လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ နောက်ခံလူ အီမာဆန် ၊ ရူဒီဂါ ၊ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂျော်ဂျင်ဟို ၊ လော့ဖ်တပ်ချိ ၊ အိုဒွိုင်း စတဲ့ ကစားသမားတွေ ကို ချယ်လ်ဆီး အသင်းက ရောင်းချဖို့ လျာထားကြောင်း သိရပါတယ်။ ဝက်စ်ဟမ်း အသင်း ကတော့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဒီကလန်ရိုက်စ် ကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် ဒီကလန်ရိုက်စ် အနေနဲ့ ဝက်စ်ဟမ်း အသင်းရဲ့ အခြေအနေတွေ ကို စိတ်ပျက် နေတာကြောင့် လက်ရှိ နွေစျေးကွက် အတွင်းမှာပဲ အသင်းကို စွန့်ခွာဖို့ ရည်ရွယ် ထားပြီး ချယ်လ်ဆီး အသင်း ထံ ပြောင်းရွှေ့ခွင့် ပြုဖို့ အသင်းထံ တရားဝင် တောင်းဆိုမှု ပြုလုပ်သွားမှာ ဖြစ်သလို ဖိအားပေးမှုတွေ လည်း ပြုလုပ်လိမ့်မယ် လို့ Romano က သုံးသပ် ထားပါတယ်။