MySport Myanmar

နက်တို အိုမိုရိုဒီယန်တို့ကို ခေါ်ယူအပြီး အိုဆီမန်ကိုပါ ထပ်မံ ခေါ်ယူနိုင်သေးတဲ့ ချယ်လ်ဆီး

ဒီနွေဈေးကွက်ထဲမှာ ကစားသမားသစ်တွေ မရေမတွက်နိုင်အောင် ခေါ်ယူဖြည့်တင်းနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရက်ပိုင်းအတွင်းမှာလည်း တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် (၂)ဦးကို ခေါ်ယူထားသည့်တိုင် နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကိုပါ ထပ်မံ ခေါ်ယူသွားနိုင်ဖွယ်လည်း ရှိနေပြန်ပါတယ်။

ဂယ်လက်ဂါကို အသက်လက်တီကိုအသင်းဆီ ရောင်းချခဲ့ပြီးနောက် အသက်လက်တီကိုကနေ စပိန် လူငယ် တိုက်စစ်မှူး အိုမိုရိုဒီယန်ကို ပြန်လည် ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးဟာ ရက်ပိုင်းလေးအကြာမှာပဲ surprise signing အဖြစ်နဲ့ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ တောင်ပံကစားသမား ပတ်ဒရို နက်တိုကိုပါ ရုတ်တရက် ခေါ်ယူလိုက်ပြန်ပါတယ်။

Photo Credit : Football365

ကစားသမား (၂)ဦးလုံက မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာတော့မှာဖြစ်ပြီး ဒီတိုက်စစ်ကစားသမားတွေ ရောက်လာရင်တောင်မှ ချယ်လ်ဆီးဟာ သူတို့ရဲ့ ပစ်မှတ်ဖြစ်သူ အိုဆီမန်ကိုပါ ထပ်မံ ကြိုးပမ်းလာဖွယ်လည်း ရှိနေပြန်ပါတယ်။ နာပိုလီ တိုက်စစ်မှူး အိုဆီမန်က ဒီနွေမှာ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိဖို့ နီးစပ်ခဲ့ပြီးမှ နာပိုလီဘက်ကနေ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး မြင့်မားတာကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့ရပါတယ်။

နာပိုလီကတော့ အိုဆီမန်ကို လက်လွတ်ရတော့မှာမို့ သူ့နေရာအတွက် ချယ်လ်ဆီး တိုက်စစ်မှူး လူကာကူကို ပစ်မှတ်ထားနေရာ အိုဆီမန်နဲ့ လူကာကူတို့ကြား ကစားသမား အလဲအလှယ်တွေ အိုဆီမန်ကို ချယ်လ်ဆီးက အငှား+အပြီးသတ်နဲ့ ခေါ်ပြီး လူကာကူကို နာပိုလီဆီ အပြီးသတ် အလိုက်ပေးမယ်ဆိုတဲ့ ကောလဟာလတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Football365

ဒါပေမယ့် ဒီအကြောင်းအရာတွေကို အိုဆီမန်ရဲ့ အေးဂျင့်ဖြစ်သူက လုံးဝ ငြင်းဆန်ထားခဲ့ပြီး သူရဲ့ကစားသမားအပေါ် လေးစားမှုရှိဖို့ပါ သတိပေးထားခဲ့ပါတယ်။ အခု ဒီရက်ပိုင်းထဲမှာလည်း နာပိုလီအသင်းရဲ့ ဒါရိုက်တာက အိုဆီမန်ဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားကြောင်းနဲ့ ဈေးကွက်မပိတ်ခင်အတွင်းမှာ ဘာတွေ ဆက်ဖြစ်မလာမလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီလို အခြေအနေ ရှိနေတဲ့ အိုဆီမန်ကို ချယ်လ်ဆီးအသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပြီး ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက်ထဲမှာလည်း လူကာကူက တစ်စိတ်တစ်ပိုင်းအဖြစ် သေချာပေါက် ပါဝင်လာနိုင်ပါတယ်။ ချယ်လ်ဆီးက လက်ရှိမှာ လူကာကူအပြင် စတာလင်း နဲ့ မူဒရစ်ထဲကမှ တစ်ဦးဦးကို ရှင်းထုတ်ဖို့ ရှိနိုင်ပြီး ဘရိုဟာ ၊ ဒါထရို ဖိုဖားနားတို့ကိုပါ အသင်းကနေ ရောင်းထုတ်သွားဖို့လည်း ရှိနေပါတယ်။

Exit mobile version