MySport Myanmar

ချန်ပီယံလိဂ်နဲ့ အက်အေဖလားပွဲစဉ်တွေအတွက် လက်မှတ်များ ရောင်းချနိုင်တော့မယ့် ချယ်လ်ဆီး

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန်အေဘရာမိုဗစ်ချ်တို့ကြား ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် ဗြိတိန်အစိုးရကနေ ရုရှားသူဌေး မိုဗစ်ချ်ကိုရော မိုဗစ်ချ် သူပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးအသင်းအပေါ်ကိုပါ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ရာ ချယ်လ်ဆီးအသင်းအတွက်ပါ အတော်လေး ထိခိုက်လာရပြီး အသင်းရဲ့ပွဲစဉ်တွေအတွက်ပါ ပွဲလက်မှတ် ရောင်းချခွင့် မရှိနိုင်တဲ့ အခြေအနေတွေထိ ကြုံတွေ့လာခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေဆိုးမျိုးနဲ့ ကြုံတွေ့နေရချိန် ချယ်လ်ဆီးအသင်းနဲ့ ဗြိတိန်အစိုးရတို့ကြား နှစ်ပတ်ကြာ ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ရာ ဒီဂျစ်တယ် ယဉ်ကျေးမှု မီဒီယာနဲ့ အားကစားဌာန DCMS တာဝန်ရှိသူတွေက ချယ်လ်ဆီးအသင်းအတွက် လည်ပတ်ခွင့် လိုင်စင်အတွက် ပြင်ဆင်ချက် အများအပြားကို ထုတ်ပြန်ကြေညာလာခဲ့ရာ ချယ်လ်ဆီးအသင်းအနေနဲ့ ဧပြီလထဲမှာ ယှဉ်ပြိုင်သွားရမယ့် အက်အေဖလားပွဲစဉ်နဲ့ ဥရောပပွဲစဉ်တွေအတွက် ပွဲကြည့်ခွင့် လက်မှတ်တွေကို ပြန်လည်ရောင်းချခွင့် ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အစိုးရကနေ ချယ်လ်ဆီးအသင်းအပေါ် လိုင်စင်စည်းမျဉ်းများ ဖြေလျှော့ပေးတာကြောင့် ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်နဲ့ လန်ဒန်မြို့ခံကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီ အက်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေအတွက်ပါ လက်မှတ်များကို ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးပရိသတ်တွေအနေနဲ့လည်း အာဆင်နယ် ဝုလ်ဗ် လက်စတာ ဝက်ဖို့ဒ်အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် အသင်းရဲ့ အဝေးကွင်းပွဲစဉ်တွေအတွက် လက်မှတ်များကို အသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဝယ်ယူသွားနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒီလို လက်မှတ်ရောင်းချခွင့် ပြုထားခဲ့ပေမယ့်လည်း လက်မှတ်ရောင်းရငွေ တပြားတချပ်ကိုမှ ချယ်လ်ဆီးရဲ့ ပိုင်ရှင် ဖြစ်နေသေးတဲ့ အေဘရာမိုဗစ်ချ်ဆီ မရောက်ရှိအောင် စည်းမျဉ်းတွေ တင်းကျပ်စွာ ချမှတ်ထားပါတယ်။ အခုလို လက်မှတ်ရောင်းချခွင့် ရရှိထားခဲ့သည့်တိုင်အောင် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေအတွက် လက်မှတ်တွေ ထပ်မံရောင်းချခွင့်ကို ပိတ်ပင်ထားခံရဆဲဖြစ်ပြီး ပွဲလာကြည့် ပရိသတ် အရေအတွက်ဟာလည်း (၃)သောင်းဝန်းကျင်သာ ရှိနေနိုင်ပါတယ်။

Exit mobile version