၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးက ပွဲစဉ်(၃)အထိ ယှဉ်ပြိုင်လို့အပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်က အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားရခြင်း မရှိသေးပဲ ပုံမှန်ပွဲထွက်ကစားတွေ ပျောက်ဆုံးနေကာ အသင်းရဲ့ အရန်လူစာရင်းမှာသာ ရောက်ရှိနေရသလို သူရဲ့နေရာကိုလည်း စပိန်နောက်ခံအစွန်လူ မားကို့စ်အလွန်ဆိုက ရယူထားနိုင်ခဲ့တဲ့ အကြောင်းကို ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကနေ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Ace Football

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးူစင် ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ လက်စတာစီးတီးအသင်းကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို ဆင်နွဲခွင့်ပြီးနောက် အခုချိန်ထိ ကလပ်အသင်းအတွက် ကစားခွင့် ထပ်မရတော့တာ ဖြစ်ပါတယ်။ ဘင်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ချီဝဲလ်ထက် လုခ်ရှောကိုသာ နေရာပေးခဲ့တာကြောင့် လက်ရွေးစင်အတွက်ရော ကလပ်အသင်းပါ ဆက်တိုက်ပွဲထွက်ကစားခွင့်တွေ ဆုံးရှုံးနေခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Independent

ချီဝဲလ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နည်းပြတူဟယ်လ်က “ဒါက အရမ်း ရှင်းလင်းပါတယ်။ သူက ကလပ်အသင်းအတွက် နောက်ဆုံးမှ လာရောက်ပူးပေါင်းခဲ့တာမို့ပါ။ သူ အသင်းကို ပြန်ရောက်လာတဲ့အချိန်မှာပဲ မားကို့စ်အလွန်ဆိုက ရာသီကြို ခြေစမ်းပွဲတွေကနေ နောက်ထပ် (၅)ပတ်လောက်အထိကို အသင်းအတွက် ကစားပေးနေနိုင်ပြီ။ မားကို့စ်က ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့ပြီးနောက်ပိုင်း လိဂ်ပြိုင်ပွဲမှာလည်း အသင်းအတွက် အကျိုးပြုနိုင်ခဲ့တယ်။ သူက လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ သူရဲ့အံ့အားသင့်ဖွယ် ကစားပုံတွေကြောင့် သူရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပွဲတိုင်းအတွက် အဆင့်သင့် ဖြစ်နေခဲ့တယ်။ သူက စူပါဖလားမှာရော ပရီးမီးယားလိဂ်ပွဲတွေမှာပါ အသင်းအတွက် ပါဝင်ကစားပေးခဲ့တယ်။ နောက်ပြီး လိဂ်ပြိုင်ပွဲဘက်မှာ ကစားသမား (၃)ဦးတည်းပဲ လူစားလဲခွင့်ရှိတာကလည်း ပြသာနာတစ်ခုပါ။ ချီဝဲလ်က လေ့ကျင့်ခန်း အစီအစဉ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်နေဖို့အတွက် အချိန် လိုနေပါသေးတယ်။ သူက အခု အသင်းအတွက် ကစားဖို့ အသင့်ဖြစ်နေတာကြောင့် အခုအချိန်က သူ စိတ်ဓါတ်ကျနေရမယ့် အချိန်မျိုး မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။