MySport Myanmar

လာမယ့်ရာသီမှာ အမှတ်ပေးဆုအတွက် အသင်း(၅)သင်း ပြိုင်ဆိုင်ရမယ်လို့ တူဟယ်လ်ပြောဆို

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အသင်းအရေအတွက် (၅)သင်းအထိ ရှိနေကြောင်း အဲ့ဒီအသင်းတွေက လက်ရှိချန်ပီယံ မန်ချက်စတာစီးတီး လီဗာပူးလ် တော့တင်ဟမ်ဟော့စပါး မန်ချက်စတာယူနိုက်တက်နဲ့ သူရဲ့ချယ်လ်ဆီးအသင်းတို့ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : From Office Sports

တူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နှစ်ဝက်ပိုင်းလောက်မှာ မန်စီးတီး လီဗာပူးလ်အသင်းတွေနဲ့ အပြိုင်အဆိုင် ရှိခဲ့ရပေမယ့်လည်း နောက်ထပ်နှစ်ဝက်မှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ကသာ ချန်ပီယံဆုအတွက် အကြိတ်အနယ် ဖြစ်လာခဲ့ရပြီး ချယ်လ်ဆီးကတော့ အဆင့်(၃)နေရာနဲ့ပဲ ရာသီသိမ်းသွားခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့်ရာသီမှာတော့ မန်စီးတီးနဲ့ လီဗာပူးလ်တို့သာ ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်နေတော့မှာမဟုတ်ပဲ ချယ်လ်ဆီး တော့တင်ဟမ်နဲ့ ယူနိုက်တက်အသင်းတွေကပါ အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ် ရှိလာမှာ ဖြစ်တယ်လို့ တူဟယ်လ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : We Ain’t Got Not History

တူဟယ်လ်က “ဒါက ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာမှာပါ။ မန်ချက်စတာယူနိုက်တက်လည်း ပြိုင်ပွဲမှာ ပါဝင်လာလိမ့်မယ်။ တော့တင်ဟမ်ကလည်း အန်တိုနီယိုကွန်တီနဲ့အတူ ပြိုင်ပွဲမှာ ပါဝင်နေမှာ သေချာပါတယ်။ နောက်ပြီး ကျွန်တော်တို့ကလည်း ပြိုင်ပွဲမှာ ဆက်လက်ရှိနေချင်ပါသေးတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကလည်း သူတို့ရဲ့လူအင်အားကို ပိုမိုတောင့်တင်းလာဖို့အတွက် အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ သူတို့က သူတို့စံနှုန်းအတိုင်း အမြင့်မားဆုံး သတ်မှတ်ထားပြီး လာမယ့်ရာသီမှာလည်း ဒီပုံစံအတိုင်း အတူတူပဲ ရှိနေပါလိမ့်မယ်။ အခြားအသင်းတိုင်းက ကျွန်တော်တို့နဲ့ ကွာဟချက်တွေ ကျဉ်းမြောင်းလာဖို့ ကြိုးစားနေချိန်မှာ ထိပ်သီးအသင်းနှစ်သင်းကတော့ အပြောင်းအလဲမရှိတဲ့ စံနှုန်းတစ်ခုကို ပိုင်ဆိုင်ထားမှာ။ ဒါက အခြေအနေတစ်ခု ဖြစ်ပြီးတော့ အဲ့ဒီကနေ ကျွန်တော်တို့ရဲ့ ပြိုင်ဆိုင်မှုကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန်လုပ်ဆောင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့ ဖြစ်ချင်တဲ့အတိုင်းမို့ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version