ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ အသင်းရဲ့ ကစားသမားသစ် ဖြစ်တဲ့ ကိုင်းဟာဗက်စ်ရဲ့ အဓိက အားသာချက်ကို ပြောပြတဲ့ အချိန်မှာ ကိုင်းဟာဗက်အနေနဲ့ နေရာစုံမှာကစားနိုင်တယ်လို့ ပြောခဲ့ပြီး လိုအပ်တဲ့ အခြား နေရာတွေမှာ ကူညီပေးနိုင်လိမ့်မယ်လို့ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ လေဗာကူဆင်အသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင် သန်း (၇၀) နဲ့ အပြီးသတ် ပြောင်းလာခဲ့တဲ့ ဂျာမနီ လက်ရွေးစင် ကိုင်းဟာဗက်ဟာ တောင်ပံကနေ တိုက်စစ်ကို လိုက်ပါပြီး ကစားနိုင်ပြီး ကွင်းလယ်နေရာမှာလည်း ကစားနိုင်တဲ့ စွယ်စုံရ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။

Photo Credit: Goal

ကိုင်းဟာဗက်စ်ဟာ လေဗာကူဆင်အသင်းမှာ ကစားခဲ့စဉ်က အဓိကအားဖြင့် ကွင်းလယ်နေရာမှာ ကစားနေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၄၅) ပွဲ ကစားထားရာမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုး (၁၈) ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယနေ့ည၊ (၁း၄၅) အချိန်မှာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ်ကို အဝေးကွင်းမှာ ကစားသွားမှာ ဖြစ်ပြီး နည်းပြ လမ်းပတ်က ကိုင်းဟာဗက်စ်အနေနဲ့ ချဲလ်ဆီး အသင်းအတွက် နေရာစုံမှာ ကစားနိုင်တယ်လို့ သတင်းထောက်တွေကို ပြောသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်က “ကိုင်းက သူ့ရဲ့ အရည်အချင်းနဲ့ ဆိုရင် နေရာစုံမှာ ကစားဖို့ အဆင်ပြေတယ်။ ကျွန်တော် သူ့ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြင်ခဲ့ပြီးနောက် ကျွန်တော့်အမြင် မပြောင်းလဲခဲ့ဘူး။ ဒီတော့ ကျွန်တော်တို့ သူ့ကို နေရာစုံ အသုံးပြုနိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ကိုင်းနဲ့ စကားပြောတဲ့ အချိန်မှာ သူက အလွန် သက်သောင့်သက်သာ ဖြစ်တာကို သိခဲ့တယ်။ သူက ကျွန်တော် ဒီနေရာမှာ ကစားချင်ပြီး ဒီနေရာက ကျွန်တော် လိုချင်တဲ့ နေရာပါလို့ ပြောတဲ့ လူမျိုး မဟုတ်ပါဘူး။ သူက အသင်းကို ကူညီဖို့ အလွန် ပျော်ရွှင်ပါတယ်။ သူက ကျွန်တော်တို့ကို ခြားနားတဲ့ နေရာမှာ အရည်အချင်းတွေ ပေးလိမ့်မယ်။ ဒီတော့ သူကို တစ်နေရာတည်း မသုံးပါဘူး”လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယနေ့ည၊ ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒဏ်ရာရ နေကြတဲ့ ဇီယက်စ် နဲ့ ချီဝဲလ်တို့တွေ မပါဘဲ ကစားမှာ ဖြပါတယ်။