လာမယ့်ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ဖို့အတွက် လက်ကျန်ပွဲအားလုံးကို ရလဒ်ကောင်းဖို့ မဖြစ်မနေလိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းက ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ နောရစ်ချ်စီးတီးအသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ဆုံတွေ့ခဲ့ပြီး အိမ်ရှင်ချယ်လ်ဆီးက တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ချယ်လ်ဆီးအသင်းက ၄-၃-၃ ကစားကွက်နဲ့အတူ ဂျရှး ဝီလီယံ ပူလီဆစ် ကိုဗာဆစ် ဂျော်ဂျင်ဟို လော့တပ်ချိဖ် အလွန်ဆို ဇူးမား ရူဒီဂါ အက်စပီလီကွယ်တာ ကယ်ပါတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နောရစ်ချ်ကလည်း ကန့်ဝဲလ် ဒရာမစ် ဟာနန်ဒက်ဇ် ဂေါ့လ်ဖရီ မက်အာရွှန်စ် တင်ကရူးတို့လို အဓိက ကစားသမားအစုံအလင်နဲ့ ချယ်လ်ဆီးဆီကနေ အမှတ်ခွဲယူနိုင်အောင် ပြင်ဆင်လာခဲ့ပါတယ်။ နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ချယ်လ်ဆီးဟာ ပထမပိုင်းကတည်းက နောရစ်ချ်ကို အသာစီးယူ ကစားနိုင်ပေမယ့် ကစားပုံက လိုအပ်ချက်တွေ ရှိနေသလို ဝီလီယံရဲ့ ပွဲပန်းနေမှုတွေကြောင့် တိုက်စစ်ပိုင်းက အားနည်းနေခဲ့ပါတယ်။ နောရစ်ချ်ကလည်း အဝေးကွင်းမှာ အိမ်ရှင်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကို လိုက်လံဟန့်တားနေရပြီး ကျန်တာဘာမှမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီးမှာပဲ ချယ်လ်ဆီးဟာ ဂျရှးရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ သူတို့အသင်း အလိုရှိနေတဲ့ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာလည်း ချယ်လ်ဆီးအသင်းဘက်ကပဲ ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့တယ်ဆိုပေမယ့် နောရစ်ချ်ဘက်ကလည်း ထိုးဖောက်မှုတွေကို ပြန်လည်လုပ်ဆောင်လာနိုင်ခဲ့ကာ ထိရောက်မှုတော့ မရှိခဲ့ပါဘူး။ နှစ်သင်းလုံး ကစားသမားအပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း သွင်းဂိုးတွေ သွင်းယူနိုင်ခြင်း မရှိသလို ရလဒ်ကိုလည်း အပြောင်းအလဲမလုပ်နိုင်တော့ပဲ ချယ်လ်ဆီးကပဲ (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။