ဒီနေ့ ဇူလိုင်လ(၁၉)ရက်နေ့ ည(၁၁)နာရီခွဲအချိန်မှာတော့ အင်္ဂလန်ရဲ့သက်တမ်းအရင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ အက်အေဖလားပြိုင်ရဲ့ ဆီမီးဖိုင်နယ် ဒုတိယနေ့ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းက (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူပြီး အက်အေဖလားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။

Photo Credit : Getty Image

၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပေါ့ဘာ မာစီယဲလ် ဂရင်းဝုဒ်တို့ကို ပွဲထွက်လူစာရင်းကနေ အနားပေးထားခဲ့ပြီး ရပ်ဖိုဒ့် ဖာနန်ဒက်စ် ဒန်နီရယ်ဂျိမ်းစ် ဖရက်ဒ် မာတစ် ဝီလီယံစ် ဝစ်ဘစ်ဆာခါ မက်ဂွိုင်းယား လင်ဒီလော့ ဘိုင်လီနဲ့ ဒီဂီယာတို့ကို ထည့်သွင်းလာခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း ယူနိုက်တက်နဲ့ ခပ်ဆင်ဆင် ကစားကွက်ဖြစ်တဲ့ ၃-၄-၃ ကို အသုံးပြုလာခဲ့ပြီး ပူလီဆစ် ကယ်ပါ ခရစ္စတန်ဆန် ဘာကလေတို့ကို လူစာရင်းကနေ အနားပေးခဲ့ပြီး ဂျရှး ဝီလီယံ မေဆန်မောင့် အလွန်ဆို ကိုဗာဆစ် ဂျော်ဂျင်ဟို ရီးစ်ဂျိမ်းစ် ရူဒီဂါ ဇူးမား အက်စပီလီကွယ်တာနဲ့ ဝါရင့်ဂိုသမားကြီး ကာဘယ်လယ်ရိုတို့ကို အသုံးပြုခဲ့ပါတယ်။ နှစ်သင်းလုံးက ပထမပိုင်းမှာ ပွဲကိုထိန်းသိမ်းကစားပြီး ပြိုင်ဘက်အမှားလုပ်တာမျိုးနဲ့ အခွင့်အရေးရလာတာမျိုးကို အဓိကထားကာ သတိကြီးကြီး ကစားခဲ့တာကြောင့် စိတ်လှုပ်ရှားစရာ ကန်ချက်တွေ သိပ်မမြင်တွေ့ရပဲ ချယ်လ်ဆီးကတော့ ယူနိုက်တက်ထက် ပိုသာအောင် ကစားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ မိနစ်(၃၀)မှသာ ဂိုးကန်ချက်ကို စတင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းမှာပဲ ချယ်လ်ဆီးနဲ့ဆုံတိုင်း အမြဲလို ဒဏ်ရာရတတ်တဲ့ ဘိုင်လီမှာလည်း ဦိးခေါင်းထိခိုက်ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ခက်ခက်ခဲခဲ အနေထားတွေ ဂိုးရအောင်ယူတတ်တဲ့ ဂျရှးက အက်စ်ပီလီကွယ်တာရဲ့ဖြတ်တင်ဘောကနေ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး တစ်မိနစ်မပြည့်သေးခင်မှာပဲ ပြိုင်ပွဲကို ဦးဆောင်ထားခဲ့တဲ့ ချယ်လ်ဆီးက နောက်ထပ်ပြတ်ပြတ်သားသား ဦးဆောင်နိုင်မယ့် ဒုတိယဂိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဂိုးကို မေဆန်မောင့်က သွင်းယူခဲ့တာဖြစ်ပြီး ဒီဂီယာကာကွယ်ပုံကလည်း အားနည်းနေခဲ့ပါတယ်။ သွင်းဂိုး(၂)ဂိုး ခွင့်ပြုလိုက်ရတဲ့နောက်မှာတော့ ပေါ့ဘာနဲ့ဂရင်းဝုဒ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြင့်တင်လာခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ Form ကောင်းတစ်ခုကို ပြန်လည်မတည်ဆောက်နိုင်တော့ပဲ (၇၄)မိနစ်မှာ တတိယမြောက် သွင်းဂိုးကို ထပ်မံခွင့်ပြုလိုက်ရပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယား ကိုယ့်ဂိုးကိုယ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲပြီးဖို့ (၅)မိနစ်အလိုလောက်မှသာ ယူနိုက်တက်တို့ ပင်နယ်တီကန်ခွင့်ရပြီး ဖာနန်ဒက်စ်က ချေပဂိုးအဖြစ် ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။