ဒီနေ့ ဇွန်လ(၂၆)ရက်နေ့ သောကြာနေ့မနက် (၁)နာရီ(၄၅)မိနစ်အချိန်မှာတော့ ပရီးမီးယားလိဂ်(၃၁)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်သလို အကောင်းဆုံးပွဲစဉ်လည်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ Big Match ပွဲစဉ်အတွင်းမှာ အတော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး အိမ်ရှင်ချယ်လ်ဆီးအသင်းက (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အသင်းနှစ်သင်းလုံးကတော့ ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုလာခဲ့ကြပြီး ချယ်လ်ဆီးအသင်းဘက်မှာ ဂျရှး ဝီလီယံ ပူလီဆစ် ကန်တီ ဘာကလေ မေဆန်မောင့် အလွန်ဆို ရူဒီဂါ ခရစ္စတန်ဆန် အက်စ်ပီလီကွယ်တာနဲ့ ကယ်ပါတို့ ပါဝင်လာခဲ့ပြီး မန်စီးတီးအသင်းဘက်မှာတော့ မာရက်ဇ် ဘာနာဒိုဆေးဗား စတာလင်း ဂန်ဒိုဂန် ရိုဒရီ ဒီဘရိုင်း ဝေါ်ကာ မန်ဒီ ဖာနန်ဒင်ဟို လာပေါ့တ်နဲ့ အီဒါဆန်တို့ ပါဝင်လာပါတယ်။ မန်စီးတီးအသင်းက ပထမပိုင်းအစမှာ အိမ်ရှင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးက ခံစစ်ကို သေချာတည်ဆောက်လာပြီး ကောင်တာတိုက်စစ်နဲ့ပဲ တန့်ပြန်ကစားသွားခဲ့ပါတယ်။ မန်စီးတီးက ချယ်လ်ဆီးကို ဖိကစားခဲ့ပေမယ့် တိုက်စစ်မှူးစစ်စစ် မပါဝင်လာနိုင်တာကြောင့် တိုက်စစ်ဆင်ရမှာ ထိရောက်မှုမရှိပဲ ဘောလုံးပေးပို့မှုတွေသာ ရှိနေခဲ့တဲ့အပြင် ပွဲချိန်(၃၆)မိနစ်မှာ မန်စီးတီးခံစစ်အမှားကနေ ပူလီဆစ် ဘောလုံးရလာပြီး အကောင်းဆုံးအဆုံးသတ်ကန်ချက်နဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း မန်စီးတီးကပဲ ဆက်လက်ဖိအားပေးကစားနေရင်းနဲ့ (၅၅)မိနစ်မှာ ဖရီးကစ်ကန်ခွင့်ရခဲ့ပြီး ချယ်လ်ဆီးကစားသမားဟောင်း ဒီဘရိုင်းက ဖရီးကစ်ကနေ မန်စီးတီးအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးရပြီးနောက်မှာ မန်စီးတီးက ဂျေဆူးနဲ့ ဒေးဗစ်ဆေးဗားတို့ကို ထည့်သွင်းလာခဲ့လို့ တိုက်စစ်ပိုင်း ပိုမိုအားကောင်းလာပေမယ့် ခံစစ်နဲ့ ဂိုးသမားကတော့ အမှားတချို့ လုပ်ဆောင်ခဲ့လို့ ဂိုးထပ်ပေးရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ချယ်လ်ဆီးရဲ့ ကောင်တာတိုက်စစ်တွေကတော့ အလုပ်ဖြစ်ခဲ့ပြီး မိနစ်(၇၀)မှာ ပူလီဆစ်ရဲ့ကန်ချက် ဂိုးဝင်တော့မလို ဖြစ်ခဲ့သေးပေမယ့် ဝေါ်ကာက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။ (၇၆)မိနစ်မှာတော့ ဖာနန်ဒင်ဟို ဧရိယာထဲ ဘောလုံးကို လက်နဲ့ပုတ်ထုတ်ခဲ့လို ပင်နယ်တီသတ်မှတ်ခံရတဲ့အပြင် တိုက်ရိုက်အနီကတ်လည်း ပြသခံခဲ့ရပြီး ပင်နယ်တီကိုတော့ ဝီလီယံက သွင်းယူနိုင်ခဲ့ပါတယ်။