ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအတွင်းမှာ အဆင့်(၃)နဲ့ အဆင့်(၄)နေရာကို ရပ်တည်လို့နေတဲ့ လက်စတာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အက်အေဖလားရဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံလို့နေပြီး လက်စတာရဲ့ကင်းပါဝါကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြရာ ချယ်လ်ဆီးအသင်းက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဖြစ်တဲ့ လက်စတာအသင်းက ဗာဒီ အယိုဇီပီရက်ဇ် ဟာဗေးဘမ်း အမ်ဒီဒီ တိုင်လီမန်းစ် ပါရတ် ဂျက်စတင်ဂျိမ်းစ် အီဗန်စ် ဆိုရန်ကူ ချီဝဲလ် ရှမိုက်ကယ်တိုနဲ့ ပွဲထွက်လာခဲ့ကာ ပုံမှန်သုံးနေကြ ကစားကွက် ၄-၁-၄-၁ နဲ့ကို ဆက်လက်သုံးစွဲလာခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ကယ်ပါ အက်စ်ပီလီကွယ်တာ ကိုဗာဆစ်တို့ကို အနားပေးခဲ့ပြီး အေဘရာဟမ် ပူလီဆစ် ဝီလီယံ ကန်တီ ဂေးလ်မော မေဆန်မောင့် ရီးစ်ဂျိမ်းစ် ရူဒီဂါ ဇူးမား အီမာဆန်နဲ့ ကာဘယ်လီရိုတို့ကို အသုံးပြုထားပါတယ်။ ပွဲအစပိုင်းလောက်မှာ နှစ်သင်းလုံးက ကွင်းလယ်ပိုင်းအားပြုကစားရင်း အပေးအယူတွေသာ လုပ်ဆောင်နေခဲ့လို့ ပွဲက အနည်းငယ်အေးစက်ခဲ့ရပေမယ့် နောက်ပိုင်းမိနစ်တွေမှာ ပွဲကမြိုင်လာခဲ့ပြီး လက်စတာက အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် အသုံးမချနိုင်သလို ပူလီဆစ်ရဲ့ကောင်းမွန်လှတဲ့ကန်ချက်ကိုလည်း ရှမိုက်ကယ်ကာကွယ်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့ပဲ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ချယ်လ်ဆီးအသင်းဘက်က မေဆန်မောင့် ဂေးလ်မော ရီးစ်ဂျိမ်းစ်တို့ရဲ့နေရာမှာ ကိုဗာဆစ် ဘာကလေနဲ့ အက်စ်ပီလီကွယ်တာတို့ ဝင်ရောက်လာခဲ့ကြပြီး ကစားပုံ ပိုမိုတိုးတတ်လာခဲ့ကာ (၅၅)မိနစ်မှာပဲ အေဘရာဟမ် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့ရပါတယ်။ (၆၃)မိနစ်မှာတော့ ဝီလီယံရဲ့ ညာခြမ်းက ဖြတ်တင်ပေးပို့မှုကနေတဆင့် ဘာကလေက ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီသွင်းဂိုးနဲ့ပဲ ချယ်လ်ဆီးတို့ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ရပါတယ်။