ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့ရတဲ့ လန်ဒန်ဒါဘီမှာ ရှံးပွဲကြုံတွေ့ခဲ့ရပေမယ့် ဝက်ဖိုဒ့်အသင်းနဲ့ပွဲမှာတော့ ဂိုးပြတ်နိုင်ပွဲ ပြန်လည်ရရှိခဲ့ကာ အဆင့်(၄)အတွင်းမှာပဲ ဆက်လက်ရှိနေသေးတဲ့ ချယ်လ်ဆီးအသင်းနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွှားနေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ လန်ဒန်ဒါဘီအဖြစ် ဆုံတွေ့ခဲ့ရာ ချယ်လ်ဆီးအသင်းက (၃)ဂိုး(၂)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးအသင်းဘက်မှာတော့ ဂျရှး ပူလီဆစ် ဝီလီယံ မေဆန်မောင့် ဂေးလ်မော ဘာကလေ ဂျိမ်းစ် အက်စပီလီကွယ်တာ ဇူးမား ခရစ္စတန်ဆန်နဲ့ ကယ်ပါတို့ ပါဝင်လာခဲ့ပြီး အိမ်ရှင်ပဲလေ့စ်အသင်းကလည်း ၄-၃-၃ ကစားကွက်နဲ့အတူ ဘန်တီကီ ဇာဟာ အယူး မီလီယိုချီဗစ် အာသာ ကူယာတေး ဝက်တ် ဒန်း ကာဟေး ဗန်အန်ဟော့ ဂွီတာတို့ ပါဝင်ကစားခဲ့ပါတယ်။ ပထမပိုင်း ပွဲအစကတည်းက ဧည့်သည်ချယ်လ်ဆီးအသင်းက တောက်လျှောက်ဖိအားပေးနိုင်ခဲ့ပြီး (၆)မိနစ်မှာပဲ ဝီလီယံ ဘောလုံးပြေးဆွဲလာတာကို လိုက်လံဟန့်တားတဲ့ ကာဟေး ဒဏ်ရာကြောင့်လဲကျသွားရင်း Chance ကောင်းကောင်းရသွားတဲ့ ဝီလီယံက ဂျရှးကို ထိုးပေးခဲ့ရာ ဂျရှးက အဖွင့်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ (၂၇)မိနစ်မှာလည်း အသင်းအတွက် အရမ်းတွေ ခြေစွမ်းပြနေတဲ့ ပူလီဆစ်က ချယ်လ်ဆီးအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပေမယ့် (၃၄)မိနစ်မှာ ဇာဟာက အံ့အားသင့်ဖွယ် အဝေးကန်ချက်နဲ့ ပြန်လည်ချေပသွားခဲ့ပါတယ်။

Photo Credit : Getty Image

ချေပဂိုးတစ်ဂိုးပြန်ရပြီးနောက်ပိုင်း ပဲလေ့စ်အသင်းက တိုက်စစ်ကို ပိုမိုလိုက်ပါကစားလာခဲ့ပြီး ချယ်လ်ဆီးကို ပြန်လည်ဖိအားပေးလာခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ချိန်ထိ ပဲလေ့စ်ဘက်ကနေ ချယ်လ်ဆီးဘက်ကို ဖိအားတွေ ပေးလာခဲ့ပြီး တိုက်စစ်ဆင်မှုတွေကို လုပ်ဆောင်ခဲ့ပေမယ့််လည်း ချယ်လ်ဆီးကသာ သွင်းဂိုးထပ်ရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပွဲချိန်(၇၁)မိနစ်မှာ လူစားဝင်ကစားသမား(၂)ယောက်ဖြစ်တဲ့ လော့တပ်ချိဖ် အေဘရာဟမ်တို့ရဲ့ အတွဲအဖက်ကနေ အေဘရာဟမ်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်မိနစ်အတွင်းမှာပဲ ပဲလေ့စ်ဘက်ကနေ ပြန်လည်ချေပခဲ့ပြီး ဘန်တီကီက အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ပဲလေ့စ်တို့ တရစပ်တိုက်စစ်ဆင်ခဲ့ပေမယ့် ချယ်လ်ဆီးတို့က ချေပဂိုးထပ်မပေးရအောင် အကောင်းဆုံး ထိန်းကစားသွားနိုင်ခဲ့ပါတယ်။