ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အရမ်းကိုခြေစွမ်းပြလျက်ရှိနေပြီး သွင်းဂိုးတွေကိုလည်း ရယူထားနိုင်တဲ့ အင်တာမီလန်အသင်းရဲဲ့ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီတို့လို ဥရောပထိပ်တန်းအသင်းကြီးတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေများစွာ ရှိလို့နေပြီး အခုလတ်တလောမှာလည်း အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးအသင်းနှစ်သင်းကနေ ပစ်မှတ်ထားလို့နေတယ်လို့ စပိန်အားကစားသတင်းစာစောင် Sport ရဲ့ ခေါင်းစည်းသတင်းမှာ ဖော်ပြလာခဲဲ့ပါတယ်။

Photo Credit : Getty Image

အသက်(၂၂)နှစ်အရွှယ်သာရှိသေးတဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ဘာစီလိုနာအသင်းကနေ အသည်းအသန်စိတ်ဝင်စားနေတာဖြစ်ပြီး အသက်အရွှယ်အိုမင်းလာပြီဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ရဲဲ့နေရာအတွက် အစားထိုးသွားချင်နေတာဖြစ်ကာ နွေစျေးကွက်အတွင်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းက မာတီနက်ဇ်ရဲ့စာချုပ်လျော်ကြေးတန်ဖိုးအတိုင်း ပေါင်သန်း(၁၀၀)နဲ့ မကမ်းလှမ်းချင်ပဲ ဝါရင့်ချီလီကွင်းလယ်လူ ဗီဒယ်ကို အလိုက်ပေးကာ ပြောင်းရွှေ့ကြေးအတန်အသင့်နဲ့ ကမ်းလှမ်းလာမှာဖြစ်လို့ ဒီကမ်းလှမ်းချက်ကို အင်တာဘက်ကနေ ပယ်ချလာနိုင်ပါတယ်။

Photo Credit : Getty Image

ဒီလို အခြေအနေရှိနေတဲ့အချိန်မှာ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ကနေ မာတီနက်ဇ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပြီး မာတီနက်ဇ်ကိုပိုင်ဆိုင်ဖို့အတွက် ဥရောပပြိုင်ပွဲတွေကနေ ဖယ်ရှားထားခံခဲ့ရတဲ့ မန်စီးတီးထက် ချယ်လ်ဆီးက ပိုအခြေအနေကောင်းလို့နေပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ကစားသမားသစ် ခေါ်ယူမှု မပြုလုပ်ထားနိုင်တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်နှစ်မှာတော့ ကစားသမားသစ်တွေများစွာ ခေါ်ယူလာနိုင်သလို မာတီနက်ဇ်ကိုလည်း သူတို့အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာနိုင်ပါတယ်။ မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်လျော်ကြေးကို ပေါင်သန်း(၁၀၀)နဲ့ ချုပ်ဆိုထားတာဖြစ်ပြီး လာမယ့်ဇူလိုင်လ(၁)ရက်နေ့ကနေ (၁၅)ရက်အတွင်း စာချုပ်လျော်ကြေးတန်ဖိုးက သက်ရောက်မှာဖြစ်လို့ အဲ့ဒီအချိန်မှာ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာကြနိုင်ပါတယ်။