ချယ်လ်ဆီးအသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ သူတို့အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ လေဗာကူဆင်အသင်းရဲ့ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ကို အရခေါ်ယူနိုင်ဖို့အတွက် နောက်ထပ်ကမ်းလှမ်းမှုတစ်ခုကို ထပ်မံလုပ်ဆောင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးဘက်ကနေ ကမ်းလှမ်းလိုက်တဲ့ ပမာဏက ပြောင်းရွှေ့ကြေး ယူရို(၆၅)သန်းအပါအဝင် အပိုဆုကြေး ယူရို(၁၅)သန်း စုစုပေါင်း ယူရိုသန်း(၈၀)နဲဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လေဗာကူဆင်အသင်းဘက်ကနေ အလိုရှိနေတဲ့ တန်ကြေးထက် ယူရိုသန်း(၂၀)လောက်ထိကို လျော့နည်းနေသေးတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၁)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ဟာ လေဗာကူဆင်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အသက်(၁၇)နှစ်အရွှယ်မှာပဲ လေဗာကူဆင် စီနီယာအသင်းကြီးနဲ့အတူ စတင်ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ ဟားဗက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ လေဗာကူဆင်အသင်းအတွက် အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၄၅)ပွဲအတွင်းမှာ သွင်းဂိုး(၁၈)ဂိုးနဲ့ ဂိုးဖန်တီးမှု(၉)ဂိုးအထိကို လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလို စွမ်းဆောင်ရည်မျိုးတွေ လုပ်ဆောင်ထားနိုင်ခဲ့တာကြောင့် ဟားဗက်ဇ်ကို အသင်းပေါင်းများစွာကနေ စိတ်ဝင်စားလာခဲ့ကြတာဖြစ်ပေမယ့် လေဗာကူဆင်အသင်းကနေ သူတို့ရဲ့ကြယ်ပွင့်ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်းတစ်ရာဝန်းကျင်လောက် သတ်မှတ်ထားတာဖြစ်လို့ အသင်းတိုင်းက လက်ရှောင်သွားခဲ့ပြီး ချယ်လ်ဆီးတစ်သင်းတည်းကပဲ ဇွဲကောင်းကောင်းနဲ့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်အသင်းရဲ့ဒါရိုက်တာဖြစ်သူ ရူဒီဗောင်လာကတော့ ဟားဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို လုံးဝလျော့ပေးစရာမလိုအပ်ပဲ သူတို့ကစားသမားကို ကိုဗစ်ကြောင့်မို့ Discount ချပေးသွားမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လေဗာကူဆင်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားချင်နေပြီး အသင်းကနေ ထွက်ခွာပေးခွင့်ပေးဖို့အထိပါ တောင်းဆိုထားခဲ့ပေမယ့် ဟားဗက်ဇ်က အသင်းမှာ နောက်ထပ်(၂)နှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်လို့ လေဗာကူဆင်ဘက်ကနေ သူတို့အလိုရှိနေတဲ့ တန်ကြေးမျိုးမရမချင်းကတော့ အသင်းကနေ ထွက်ခွာပေးဖွယ်မရှိနိုင်လောက်ပါဘူး။