လန်ဒန်အခြေစိုက် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က ဘရန့်ဖို့ဒ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ အသီးသီး လုပ်ထားကြကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး အမြောက်အမြား သုံးစွဲကာ ကိုယ်စီ ကိုယ်စီ ကစားသမားသစ်တွေ ခေါ်ယူခဲ့ကြပေမယ့် သူတို့တွေရဲ့ တိုက်စစ်ပိုင်းတွေက အတော်လေးကို အင်အားနည်းနေဆဲ ဖြစ်ပါတယ်။

 

Photo Credit: Goal

အာဆင်နယ်က အထောင်တိုက်စစ်နေရာမှာ အန်ခီးတီးယားနဲ့ ဂျေဇူး စတဲ့ တိုက်စစ်မှူး ၂ဦးကို ပိုင်ဆိုင်ထားပေမယ့် အန်ခီးတီးယားကသာ အထောင်တိုက်စစ်မှူး စစ်စစ် ဖြစ်သလို ချယ်လ်ဆီးကလည်း အထောင်တိုက်စစ်နေရာမှာ ဘရော်ဂျာ ၊ အန်ကွန်ကူနဲ့ ဂျက်ဆန်တို့ကို ပိုင်ဆိုင်ထားပေမယ့် အန်ကွန်ကူက ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူနေရပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်နဲ့ ချယ်လ်ဆီး နှစ်သင်းစလုံးက လာမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး သူတို့နှစ်သင်းစလုံးရဲ့ အဓိကပစ်မှတ် တိုက်စစ်မှူးကတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးပဲ ဖြစ်ပါတယ်။

Photo Credit: Caught Offside

အသက် ၂၇နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးက ကာယပိုင်းကို အားပြု ကစားတတ်တဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်သလို ပင်နယ်တီ စပါယ်ရှယ်လစ် ဖြစ်ပြီး သူက ဘရန့်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆၈ပွဲ ကစားထားရာ သွင်းဂိုး ၃၂ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦး ဖြစ်တယ် ဆိုတာကို သက်သေပြထားနိုင်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အိုင်ဗန် တိုနေးဟာ လာမယ့် ၂၀၂၄ခုနှစ်မှာ ဘရန့်ဖို့ဒ်ကို စွန့်ခွာကာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက တိုနေးကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ အသီးသီး ပြုလုပ်ထားကြကာ ဘရန့်ဖို့ဒ်ကတော့ တိုနေးအတွက် ဆောင်းဈေးကွက် ပြောင်းရွှေ့ကြေးနဲ့ နွေဈေးကွက် ပြောင်းရွှေ့ကြေး ဆိုပြီး ပြောင်းရွှေ့ကြေး ၂မျိုး သတ်မှတ်ထားကြောင်း သိရပါတယ်။