လန်ဒန်မြို့ရဲ့ အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က နယ်သာလန် နာမည်ကြီးကလပ် ဖီယင်နုနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဘယ်နောက်ခံလူ ဟက်မန်းကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဟက်မန်းက ဖီယင်နု အကယ်ဒမီထွက် အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူက ၂၀၂၂ခုနှစ်မှ စတင်ကာ ဖီယင်နု အတွက် ပုံမှန် ကစားခွင့် ရနေသူ ဖြစ်သလို မကြာခင်မှာ လီဗာပူးနည်းပြ ဖြစ်လာတော့မယ့် အာနီ ဆလော့တ်ရဲ့ အားကိုးရတဲ့ တပည့်ရင်းလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဟက်မန်းက တိုက်စစ်အားသန် ဘယ်နောက်ခံလူ တဦး ဖြစ်ကာ သူ့ရဲ့ ကစားပုံက မာကျောသလို ဖြတ်တင်ဘောတွေ ပေးပို့ရာမှာ အတော်လေး တိကျပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖီယင်နု အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၇ကြိမ် ရရှိထားပါတယ်။

ဟက်မန်းက လျင်မြန်တဲ့ ဘယ်နောက်ခံလူ ဖြစ်တာကြောင့် ဘယ်နောက်ခံနေရာမှာ အားနည်းချက်တွေ အသီးသီး ရှိနေတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက မကြာခင်မှာ သူ့အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်လာဖွယ် ရှိနေပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဟက်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်ကလည်း ဟက်မန်းကို သူတို့ရဲ့ ပစ်မှတ်ကစားသမား အဖြစ် သတ်မှတ်လိုက်ပြီး မကြာခင်မှာပဲ နှစ်သင်းစလုံးက ဟက်မန်းရဲ့ အေးဂျင့်ထံ ချဉ်းကပ်ကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သိရှိရပါတယ်။

ဟက်မန်းက ဖီယင်နုနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တာကြောင့် ဖီယင်နုကလည်း ဟက်မန်းကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရရင် ရောင်းချဖို့ စဉ်းစားထားပြီး အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က ဟက်မန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ၃၀သန်းကြား ပမာဏ တရပ် သုံးစွဲရနိုင်ပါတယ်။