ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးရဲ့ အနာဂတ်အခြေအနေတွေဟာ လတ်တလောမှာ အတော်လေးကို လှုပ်ခတ်လျက်ရှိလို့နေပြီး သူ့ကို စပိန်လာလီဂါ ထိပ်သီးကလပ်အသင်းတွေကလည်း အဂွဲရိုးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အပြင် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကလည်း အဂွဲရိုးရဲ့ အခြေအနေတွေကို စောင့်ကြည့်လျက်ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမားကြီး အဂွဲရိုးဟာ မန်စီးတီးအသင်းဆီကို ၂၀၁၁ခုနှစ်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး ဖြတ်သန်းခဲ့သလို အသင်းအတွက်ကိုလည်း အောင်မြင်မှုတွေများစွာ ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အဂွဲရိုးဟာ ဒီနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြသာနာများစွာနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့ရသလို ပုံမှန်ခြေစွမ်းပြဖို့လည်း ရုန်းကန်နေရတာကြောင့် မန်စီးတီးအသင်းဘက်ကနေ အဂွဲရိုးကို စာချုပ်သက်တမ်းတိုးဖို့ တွန့်ဆုတ်လာခဲ့ပြီး အဂွဲရိုးလည်း မန်စီးတီးနဲ့ လက်တွဲဖြုတ်ရဖို့ ပိုမိုနီးစပ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေတွေရှိနေတဲ့ အဂွဲရိုးကို လာလီဂါကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်နဲ့ သူရဲ့ကလပ်အသင်းဟောင်း အသက်လက်တီကိုမက်ဒရစ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲကမှ ဘာစီလိုနာအသင်းက အဂွဲရိုးကို ခေါ်ယူဖို့အတွက် သတင်းအထွက်ဆုံး ဖြစ်လို့နေပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် ဖြစ်လာခဲ့တဲ့ ယိုအန်လာပေါ်တာကလည်း အသင်းရဲ့ အဓိကကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော် အဂွဲရိုးကို အသင်းဆီ ခေါ်ဆောင်ပေးသွားဖို့ ရှိနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် လတ်တလောမှာ ဘာစီလိုနာနဲ့အပြိုင် အဂွဲရိုးကို အပြိုင်ပစ်မှတ်ထားမယ့် အသင်းတစ်သင်း ပိုတိုးလာခဲ့ပြီး ဒီအသင်းက ချယ်လ်ဆီးဖြစ်ပါတယ်။ ခံစစ်ပိုင်း အားကောင်းလို့နေပေမယ့် တိုက်စစ်ပိုင်းမှာ အားရစရာမရှိတဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အဓိကပြိုင်ဘက် မန်စီးတီးအသင်းရဲ့ အဂွဲရိုးရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အသင်းနဲ့ လက်တွဲဖြုတ်မယ် အသင်းပြောင်းမယ်ဆိုရင်တော့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနေတယ်လို့ ဗြိတိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။