ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဖရန့်ဆင့်ကလဲယားက သူရဲ့အသင်းဟောင်းချယ်လ်ဆီးက ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမှန်တကယ် စိန်ခေါ်နိုင်တဲ့ အသင်းကောင်းတစ်သင်းဖြစ်လို့နေပြီး လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကတော့ အသင်းရဲ့အဓိကနောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ကို ဒူးဒဏ်ရာကြောင့် ရာသီကုန်လောက်အထိ လက်လွတ်ရတော့မှာဖြစ်တဲ့အတွက် ချန်ပီယံဆုကို ဆက်လက်ကာကွယ်ဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Football.London

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ကစားသမားသစ်များစွာကို ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူထားခဲ့ပြီး ဒီကစားသမားသစ်တွေက အစပိုင်းလောက်မှာပဲ အသင်းနဲ့အံ့ဝင်နိုင်ဖို့အတွက် အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် အခုဆိုရင်တော့ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသလာနိုင်ခဲ့ပြီး အသင်းကလည်း ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် လုံးဝကို ရှုံးပွဲမရှိတော့ပဲ ပရီးမီးယားလိဂ်မှာလည်း အဆင့်(၇)နေရာကို ရောက်ရှိနေသလို ချန်ပီယံလိဂ်မှာဆိုလည်း အုပ်စု(E)ရဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်လျက်ရှိနေသလို အုပ်စုအဆင့် ပွဲစဉ်(၃)ပွဲလုံးမှာ တစ်ပွဲမှ သွင်းဂိုးခွင့်ပြုထားခြင်း မရှိသေးပါဘူး။

Photo Credit : Khmerload

အခုလို စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ချယ်လ်ဆီးကစားသမားဟောင်း ဆင့်ကလဲယားက “လမ်းပတ်က အသင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူလိုက်ချိန်မှာတော့ ကျွန်တော်အတော်လေးကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့် သူတို့တွေက အသင်းမှာ အ့ံဝင်ခွင်ကျဖြစ်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုလောက် ယူရဦးမယ်ဆိုတာကို နားလည်လာခဲ့တယ်။ အထူးသဖြင့်တော့ တိုက်စစ်ပိုင်းအတွက် အားဖြည့်ခဲ့တဲ့ ကစားသမားတွေ။ ဒီကစားသမားတွေကို အသင်းမှာ ခြေစွမ်းပြနိုင်ဖို့က အချိန်ယူရမယ်လေ။ ဒီကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းအတွက် ဘယ်လောက်ထိ စွမ်းဆောင်နိုင်ခဲ့လဲဆိုတာလည်း အားလုံးအမြင်ပဲလေ။ ချယ်လ်ဆီးအသင်းအနေနဲ့လည်း ဒီလိုပုံစံကောင်းမျိုးနဲ့ တစ်ရာသီလုံး ဆက်တိုက်ကစားနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ သူတို့အသင်းသာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမှန်တကယ် စိန်ခေါ်နိုင်မယ့်အသင်းတစ်သင်းလို့ မြင်မိပါတယ်။ လီဗာပူးလ်က ရေပန်းအစားဆုံးအသင်း ဖြစ်နေတယ်ဆိုပေမယ့် လက်ရှိအချိန်မှာက သူတို့ရဲ့ အဓိက ကစားသမားဗန်ဒိုက်ကို ဆုံးရှုံးထားရလို့ ဒါဟာ ချန်ပီယံတိုက်ပွဲအတွက် အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ အခုဆိုရင် ချယ်လ်ဆီးရဲ့တိုက်စစ်က ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နည်းတူလောက်ကို အင်အားကောင်းတဲ့ တိုက်စစ်မျိုး ဖြစ်နေပါပြီ။ ကစားသမားတွေအားလုံး လမ်းပတ်ရဲ့လက်အောက်မှာ ပိုမိုတိုးတတ်လာကြမှာပါ” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။