တိုက်စစ်ပိုင်းအတွက် ကစားသမား အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်သူ အဲဗာတန် လူငယ် တောင်ပံကစားသမားလေး အန်တိုနီဂေါ်ဒွန်ကို ပြောင်းရွှေ့ကြေး+အပိုဆုကြေး ပေါင်သန်း(၆၀)နဲ့ တတိယအကြိမ်မြောက်အဖြစ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ Sky Sports မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twitter

ချယ်လ်ဆီးအသင်းက ဒီရာသီမှာ ကစားသမား အဝင်အထွက်တွေကို ခပ်ကြမ်းကြမ်း လုပ်ဆောင်ထားတာဖြစ်ပြီး ကစားသမား ခေါ်ယူမှုကလည်း အားရစရာ အနေအထားမှာ ရှိထားခဲ့ပေမယ့် တိုက်စစ်ပိုင်းအတွက် စတာလင်တစ်ဦးတည်းသာ ခေါ်ယူထားနိုင်တာဖြစ်လို့ အသင်းတိုက်စစ်ပိုင်းကို ထပ်မံဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးဟာ ဘာစီလိုနာရဲ့ တိုက်စစ်မှူးကြီး အူဘာမီယန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်လာသလို တောင်ပံတိုက်စစ်အတွက်လည်း အဲဗာတန်က ချာတိတ်လေး ဂေါ်ဒွန်ကို ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း(၆၀)လောက်အထိ တိုးမြှင့်ကမ်းလှမ်းသွားဖို့ထိ ပြင်ဆင်လာခဲ့ပါတယ်။

Image

Photo Credit : Twitter

အသက်(၂၁)နှစ်အရွယ် တောင်ပံကစားသမားလေး ဂေါ်ဒွန်ဟာ လီဗာပူးလ် လူငယ်အကယ်ဒမီထွက် ကစားသမာဖြစ်ပြီး ၂၀၂၀ခုနှစ်မှာပဲ အဲဗာတန်စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၄၀)အထိ ကစားခွင့်ရခဲ့တဲ့ ဂေါ်ဒွန်ကို အခုဈေးကွက်အတွင်းမှာပဲ စပါးနဲ့ ချယ်လ်ဆီးအသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း ပြုလုပ်လာခဲ့ကြသလို လက်ရှိမှာတော့ ချယ်လ်ဆီးတစ်သင်းတည်းကသာ ဂေါ်ဒွန်ကို အလိုရှိလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ဂေါ်ဒွန်အတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် အဲဗာတန်ဘက်က ပယ်ချထားခဲ့သလို ဒုတိယအကြိမ် ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာမှာလည်း ထပ်မံပယ်ချထားတာကြောင့် ပြောင်းရွှေ့ကြေး+add on ကြေးတွေနဲ့အတူ ပေါင်သန်း(၆၀)ထိ တိုးမြှင့်ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းကလည်း နွေဈေးကွက်ထဲ ရစ်ချာလီဆန်ကို ဆုံးရှုံးထားတာ ဖြစ်သလို တိုက်စစ်ပိုင်းအတွက်လည်း အားရစရာ ပြင်ဆင်မှုတွေ မလုပ်ဆောင်ထားနိုင်တာကြောင့် ဂေါ်ဒွန်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို ထပ်မံ မဆုံးရှုံးချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်ကလည်း အဲဗာတန်ကနေ ချယ်လ်ဆီးလို ထိပ်တန်း အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေမှာ ဖြစ်သလို ချယ်လ်ဆီးဘက်ကနေသာ ပေါင်သန်း(၆၀)လောက်နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ အဲဗာတန်အနေနဲ့ ဂေါ်ဒွန်ကို ရောင်းချသွားရဖွယ် ရှိနိုင်ပါတယ်။ ချယ်လ်ဆီးဘက်ကတော့ ဂေါ်ဒွန်ကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင် ပူလီဆစ်နဲ့ ဇီယက်ရှ်တို့ထဲက တစ်ဦးဦးကို အသင်းကနေ ရှင်းထုတ်သွားဖွယ် ရှိနိုင်ပြီး အထောင်တိုက်စစ်ပိုင်းအတွက်လည်း အူဘာမီယန်းကို အရခေါ်ယူဖွယ်လည်း ရှိနေပါတယ်။