ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ အေဂျက်စ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်ကို အသင်းနဲ့ တစ်ရာသီတည်း ဖြတ်သန်းလို့အပြီးမှာပဲ အသင်းကနေ ပြန်လည်ရောင်းထုတ်သွားဖို့အထိ ပြင်ဆင်လာခဲ့ပြီဖြစ်တာကြောင့် ဒီကစားသမားရဲ့အခြေအနေကို နာပိုလီနဲ့ အေစီမီလန်အသင်းတို့ကနေ စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Granthshala

အသက်(၂၈)နှစ်အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် ကွင်းလယ်ကစားသမား ဇီယက်ရှ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၉)ပွဲအထိကို ပါဝင်ကစားခဲ့ပြီး (၆)ဂိုးသွင်းယူနိုင်ခဲ့ကာ (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နည်းပြဟောင်း ဖရန့်လမ်းပတ်လက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ အတော်အတန် ရရှိခဲ့ပေမယ့် အသင်းကို သောမတ်စ်တူဟယ်လ် ရောက်ရှိလာချိန်မှာတော့ ဇီယက်ရှ်ဟာ အရန်ကစားသမားအဖြစ်လောက်နဲ့သာ ပါဝင်နေရတာဖြစ်လို့ သူရဲ့အနာဂတ်အခြေအနေလည်း ဝေဝါးလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : FourFourTwo

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလားကို အရယူဆောင်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားသမား ဇီယက်ရှ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၃)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲဘက်မှာလည်း (၁၅)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အတွင်းမှာလည်း အသင်းရဲ့ အရန်လူစာရင်းမှာသာ ပါဝင်ခဲ့ရပြီး ပွဲအတွင်း ဝင်ရောက်ကစားခွင့်တောင် မရရှိခဲ့ပါဘူး။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဇီယက်ရှ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာခဲ့ရပြီး ချယ်လ်ဆီးအသင်းဘက်ကနေလည်း ဇီယက်ရှ်ကို အသင်းကနေ ပြန်လည်ရောင်းထုတ်သွားဖို့ စဉ်းစားလာခဲ့ပါတယ်။ လတ်တလောမှာတော့ ဇီယက်ရှ်ကို အီတလီစီးရီးအေ ကလပ်အသင်းတွေဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီအသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလျက်ရှိနေကြပြီး ချယ်လ်ဆီးအသင်းဘက်ကလည်း နွေစျေးကွက်အတွင်းမှာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် ဇီယက်ရှ်ကို ရောင်းထုတ်ပြီး အသုံးစရိတ် ရှာဖွေလာနိုင်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး တမ်မီအေဘရာဟမ် နောက်ခံလူ တိုမော်ရီ ဂိုးသမားကယ်ပါ ကွင်းလယ်လူရိုစ့်ဘာကလေနဲ့ ရူဘင်လော့တပ်ချိဖ်တို့ကိုပါ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိလို့နေပါတယ်။