နွေဈေးကွက်အတွင်းမှာ ခံစစ်ကစားသမားတွေကို ဦးစားပေး ပစ်မှတ်ထားနေခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားတစ်ဦးဖြစ်တဲ့ ဆီဗီလာ နောက်ခံကစားသမား ဂျူးစ်ခွန်ဒဲကို ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ တရားဝင် ကမ်းလှမ်းလို့ထားပြီး ဒီကမ်းလှမ်းမှုကိုလည်း ဆီဗီလာအသင်းဘက်က လက်ခံလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : Chelsea Core

ရူဒီဂါ ခရစ္စတန်ဆန်တို့လို ခံစစ်ကစားသမားတွေကို ဆုံးရှုံးထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းကို ပြန်လည်အားဖြည့်သွားဖို့အတွက် နာပိုလီအသင်းရဲ့ ဆီနီဂေါ ခံစစ်ကစားသမားကြီး ကူလီဘလီကို ခေါ်ယူထားခဲ့သလို အခုလည်း နောက်ထပ် ပစ်မှတ်ကစားသမားဖြစ်သူ ခွန်ဒဲကို ဆက်လက်ခေါ်ယူသွားဖို့ ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ခွန်ဒဲကို ချယ်လ်ဆီးအသင်းအပြင် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပြီး အပြိုင်အဆိုင် ကမ်းလှမ်းလျက်ရှိရာ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဘက်က ခွန်ဒဲကို ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ဘာစီလိုနာကတော့ ခွန်ဒဲအတွက် ကမ်းလှမ်းမှုတွေ ရှိမနေသေးဘူးလို့ သိရပါတယ်။

Photo Credit : We Ain’t Got Not History

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာကတည်းက ခွန်ဒဲကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဆီဗီလာအသင်းဘက်က ခွန်ဒဲအတွက် ပြောင်းရွှေ့ကြေးတွေကို အဆမတန် တောင်းဆိုတာကြောင့် အပြောင်းအရွှေ့က ဖြစ်ပေါ်လာခဲ့ခြင်း မရှိခဲ့ပဲ အခုနွေမှာသာ ဒီအပြောင်းအရွှေ့က ပြန်လည် အသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းအနေနဲ့ ခွန်ဒဲကို ခေါ်ယူဖို့အတွက် ဆီဗီလာရဲ့ သဘောတူညီချက် ရရှိနိုင်ခဲ့ပြီလို့ ဖော်ပြထားခဲ့ကြပေမယ့်လည်း ဖာဘရီဇီယိုရဲ့ ဖော်ပြချက်မှာတော့ ချယ်လ်ဆီးဟာ ခွန်ဒဲအတွက် ဆီဗီလာ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ဆီဗီလာဘက်က တုံ့ပြန်မှုကို စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ချယ်လ်ဆီးနဲ့အတူ ခွန်ဒဲကို အပြိုင်လိုက်နေတဲ့ ဘာစီလိုနာကတော့ ခွန်ဒဲအတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခြင်း မရှိသေးပဲ ကစားသမားဘက်နဲ့သာ ဆက်သွယ်မှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။ လတ်တလော အနေအထားတွေအရ ခွန်ဒဲကို ရရှိနိုင်ဖို့ကတော့ ဘာစီလိုနာထက် ချယ်လ်ဆီးအသင်းက အလားအလာ ပိုကောင်းလို့နေပြီး အပြောင်းအရွှေ့ကိုလည်း မကြာခင်မှာ အပြီးသတ်နိုင်သွားဖွယ် ရှိနေပါတယ်။