MySport Myanmar

ပေါ်တာနေရာမှာ ဟင်းနရစ်နဲ့ အစားထိုးသွားဖို့ စဉ်းစားလာခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းရဲ့ အသင်းပိုင်ရှင် တော့ဒ်ဘိုလေက လက်ရှိ အသင်းရလဒ် အခြေအနေတွေကြောင့် အသင်းနည်းပြ ဂရေဟမ်ပေါ်တာကို စောင့်ကြည့်လျက် ရှိနေပြီး တကယ်လို့ ပေါ်တာကိုသာ ရာထူးကနေ ထုတ်ပယ်ပစ်မယ်ဆိုရင် သူ့နေရာမှာ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတွေရဲ့ နည်းပြဟောင်း လူးဝစ်ဟင်းနရစ်နဲ့ အစားထိုးသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ ဒီရာသီရဲ့ နွေဈေးကွက်မှာရော ဆောင်းဈေးကွက်အတွင်းမှာပါ ကစားသမားသစ် ခေါ်ယူမှုတွေ များစွာ ပြုလုပ်ထားခဲ့ပေမယ့်လည်း နည်းပြဂရေဟမ်ပေါ်တာ လက်ထက်မှာ အသင်းရဲ့ ရလဒ်ပိုင်းတွေက ကောင်းမွန်လာခြင်း မရှိသေးပဲ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့်(၉)နေရာကို ရောက်ရှိနေရသလို ၂၀၂၃ခုနှစ်ထဲ ကစားထားခဲ့ရတဲ့ ပွဲစဉ်တွေထဲမှာလည်း နိုင်ပွဲ(၁)ပွဲသာ ရှိထားရတဲ့အထိ အခြေအနေတွေက ဆိုးရွားနေရပါတယ်။ ဒါကြောင့် အသင်းရလဒ်တွေ ဆက်လက် မကောင်းမွန်လာခဲ့ရင် အသင်းနည်းပြ အပြောင်းအလဲပါ လုပ်ဆောင်ဖို့ ရှိလာနိုင်ပြီး ပေါ်တာနေရာမှာ ဟင်းနရစ်နဲ့ အစားထိုးဖို့အထိ လုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းပိုင်ရှင် ဘိုလေဟာ အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဂရေဟမ်ပေါ်တာကို ဘရိုက်တန်အသင်းကနေ ခေါ်ယူပြီး အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ရာ အစပိုင်းမှာ ရလဒ်တွေ ကောင်းမွန်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပေါ်တာက သူ့အသင်းဟောင်း ဘရိုက်တန်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း (၁၄)ပွဲအတွင်း နိုင်ပွဲက (၃)ပွဲသာ ရှိလာခဲ့ရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးပရိသတ်တွေက ပေါ်တာကိုထုတ်ပြီး နည်းပြဟောင်း တူဟယ်လ်ကို ပြန်လည် ခန့်အပ်စေချင်နေသလို နည်းပြအပြောင်းအလဲလည်း လုပ်ဆောင်စေချင်နေရာ တကယ်လို့ လက်ရှိနည်းပြ ပေါ်တာကိုသာ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ဖြစ်မယ်ဆိုရင်တော့ ချယ်လ်ဆီးဘက်က တူဟယ်လ်လို အသင်းလက်မဲ့ ဖြစ်နေတဲ့ ဟင်းနရစ်ကိုသာ ခန့်အပ်သွားချင်နေပါတယ်။ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းက စပိန်အသင်းနဲ့ လက်တွဲဖြုတ်ထားတဲ့ ဟင်းနရစ်ကို လက်ရှိမှာ အသက်လက်တီကိုအသင်းက စောင့်ကြည့်နေပြီး ချယ်လ်ဆီးအသင်းကလည်း ပေါ်တာနဲ့သာ လမ်းခွဲဖြစ်မယ်ဆိုရင် ဟင်းနရစ်ကို ပေါ်တာနေရာမှာ အစားထိုးသွားချင်နေပါတယ်။

Exit mobile version