ချယ်လ်ဆီးအသင်းက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ Football London ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်ကစားသမား တိုနေးဟာ လောင်းကစားပြစ်ဒဏ်ကြောင့် လပေါင်းများစွာ ပွဲပယ်ခံထားရပေမယ့် လာမယ့် ဇန်နဝါရီလမှာပဲ ဘောလုံးပြန်ကစားနိုင်တော့မှာဖြစ်လို့ သူ့ကို အင်္ဂလန်က ကလပ်အသင်းတွေ အများစုက အလိုရှိနေကြပါတယ်။

Photo Credit : A Stamford Bridge Too Far

အသက် (၂၇)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး တိုနေးက ဘရန့်ဖို့ဒ်ရဲ့ အားအထားရဆုံး ကစားသမား ဖြစ်နေပေမယ့် သူရဲ့ လောင်းကစားမှုတွေကြောင့် (၈)လအထိတောင် ပွဲပယ်ခံရပြီး ဘောလုံးနယ်ပယ်နဲ့ပါ ပတ်သက်ခွင့် ကင်းမဲ့စွာ နေထိုင်ခဲ့ရပါတယ်။

ဒါပေမယ့် တိုနေးက ၂၀၂၂-၂၃ ဘောလုံးရာသီမှာပဲ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၂၀)အထိ သွင်းယူထားနိုင်ခဲ့တာကြောင့် သူ့လို တိုက်စစ်မှူးမျိုးကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အလိုရှိနေကြပြီး ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းကလည်း ဒီနွေမှာ တိုက်စစ်ပိုင်းအတွက် နီကိုလပ်စ် ဂျက်ဆင် နဲ့ ခရစ္စတိုဖာ အန်ကွန်ကူတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း အန်ကွန်ကူက ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရပြီး ဂျက်ဆင်ကလည်း လက်ရှိမှာ အသင်းအတွက် ဂိုးတွေ သွင်းယူဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့် လာမယ့် ဆောင်းဈေးကွက် ပြန်ဖွင့်ချိန်မှာ တိုနေးလို ပရီးမီးယားလိဂ်အထာ သိပြီးသား တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပြီး တိုနေးကလည်း အခုအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းခွင့်တောင် ပြန်လည် ရရှိနေပြီ ဖြစ်ပါတယ်။