ချဲလ်ဆီးအသင်းဟာ လာမဲ့ နွေရာသီ စျေးကွက်ဖွင့်ချိန်မှာ နာပိုလီ တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်ကို ခေါ်ယူသွားဖို စီစဥ်ထားပေမဲ့ အိုဆင်မန်ကိုသာ မခေါ်နိုင်ခဲ့ရင် လိုင်လီရဲ့ ကနေဒါ တိုက်စစ်မှူးလေး ဂျိုနသန်ဒေးဗစ်ကို ပစ်မှတ်ထားလာဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Fan Shield

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ စတာလင် အူဘာမီယန်း ဟာဗက်ဇ် ဂျာအိုဖီးလစ် မူဒရစ်ခ် မာဒူအက်ခေ ဒါထရိုဖိုဖာနာ ဘရိုဟာ ပူလီဆစ်တို ရှိနေပေမဲ့ စတာလင် အူဘာမီယန်း ပူလီဆစ်တိုက အနာဂတ် မရေမရာ ဖြစ်နေသလို ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်မခေါ်ကလည်း မသေချာတာကြောင့် အထောင်တိုက်စစ် နေရာအတွက် ကစားသမား ထပ်မံ ဖြည့်တင်းဖို လိုအပ်လာခဲ့ပါတယ်။ ဒီနေရာအတွက် နာပိုလီ တိုက်စစ်မှူး အိုဆင်မန်ကို ပစ်မှတ်ထားနေပေမဲ့ အိုဆင်မန်ရဲ့ တန်ကြေးက အလွန် မြင့်မားနေနိုင်တာကြောင့် လိုင်လီရဲ့ လီဂူးဝမ်း တိုက်စစ်ကစားသမားလေး ဒေးဗစ်ကို မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sports Illustrated

အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ ကနေဒါလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိုနသန်ဒေးဗစ်ဟာ ဘယ်လ်ဂျီယံကလပ် KAAဂျန့်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ်မှာတော့ လီဂူးဝမ်း ကလပ်အသင်း လိုင်လီက (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဂျန့်အသင်းမှာ ပါဝင်ခဲ့စဉ်ကတည်းက ကနေဒါ စီနီယာအသင်းကြီးမှာ ရွေးချယ်ခံခဲ့ရတဲ့ ဒေးဗစ်ဟာ သူရဲ့ ပထမဦးဆုံး လီဂူးကစားသမားဘဝ တာထွက်ရာသီမှာပဲ (၁၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း (၁၅)ဂိုး သွင်းယူထားပြီး လက်ရှိ ဘောလုံးရာသီမှာလည်း ရာသီကုန်ဖို့ ပွဲတွေ ကျန်ရှိနေသေးချိန်မှာပင် (၁၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းစွမ်းရည် ပိုမို ထက်မြက်လာခဲ့တဲ့ ဒေးဗစ်ဟာ နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာပါ ရွေ့လျား ကစားတတ်သူလည်းဖြစ်ပြီး ဘယ်ခြေရော ညာခြေပါ အားသန်တဲ့ ကစားသမား ဖြစ်ပါတယ်။

Photo Credit : FIFPRO

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ ဒေးဗစ်ဟာ ပရီးမီးယားလိဂ်ရဲ့ legend ကြီးတွေဖြစ်သော သီယာရီအွန်နရီ ဒီဒီယာဒရော့ဘာတို့ကို နှစ်သက် သဘောကျသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပါဝင်ကစားဖို့လည်း ဆန္ဒရှိသူဖြစ်လို့ ဒရော့ဘာရဲ့ အသင်းဟောင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ တန်ကြေး အလွန် မြင့်မားတဲ့ အိုဆင်မန်ထက် ဂျိုနသန်ဒေးဗစ်ကိုသာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)လောက်နဲ့ ကမ်းလှမ်းသွားသင့်ပြီး ဒီလို ကမ်းလှမ်းလာခဲ့မယ်ဆိုရင်လည်း လိုင်လီဘက်က လက်ခံသွားဖွယ်လည်း ရှိနိုင်ပါတယ်။