ချယ်လ်ဆီးအသင်းကတော့ အက်စတွန် ဗီလာအသင်းရဲ့ ကိုလံဘီယာ တိုက်စစ်ကစားသမားလေး ဂျွန် ဒူရန်ကို ခေါ်ယူနိုင်ဖို့အတွက် ဗီလာအသင်းနဲ့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်လျက် ရှိနေပြီလို့ ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ဖော်ပြထားခဲ့ပါတယ်။

အသက် (၂၀)အရွယ် ကိုလံဘီယာ တိုက်စစ်မှူးလေး ဒူရန်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလကမှ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းကနေ ဗီလာအသင်းဆီ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ ဗီလာအတွက် ပြိုင်ပွဲစုံ (၄၉)ပွဲအထိ ကစားပေးထားကာ (၈)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

အထောင်တိုက်စစ် နေရာမှာရော နောက်ချန်တိုက်စစ်နဲ့ ညာတောင်ပံနေရာတွေအထိ ကစားတက်သူ ဒူရန်ဟာ အခုဆိုရင် ဗီလာအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကြီး ဆင်နွဲသွားရတော့မှာ ဖြစ်ပေမယ့်လည်း နည်းပြကြီး အူနိုင်း အမ်မရီရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ ဒူရန် မပါဝင်နေတော့တာကြောင့် ဒီနွေမှာပဲ အသင်းကနေ ပြန်လည် ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

ဒီကစားသမားလေးကိုလည်း အီတလီ စီးရီးအေ ကလပ်အသင်းတွေအပြင် ချယ်လ်ဆီးအသင်းကပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ချယ်လ်ဆီးဆိုရင် ဒူရန်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်မှာကတည်းက ခေါ်ယူချင်ခဲ့တာဖြစ်ပြီး အခုလည်း ကမ်းလှမ်းမှုတွေ ထပ်မံ လုပ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Transfermarket

ဗီလာဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် (၃၅-၄၀) သန်းဝန်းကျင်လောက်အထိ အလိုရှိနေပြီး ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ ကော်နာ ဂါလက်ဂါကို ပြန်လည် ခေါ်ယူသွားဖို့လည်း ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးနဲ့ ဗီလာတို့က ဒူရန်ရဲ့ အပြောင်းအရွှေ့အတွက်ကိုသာ ကနဦး ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးက လက်ရှိမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားခဲ့သလို အသင်းအတွက်ကိုလည်း ဖူလ်ဟမ် နောက်ခံကစားသမား တိုဆင် အဒါယာဘိုင်အိုယိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး ခရစ္စတယ် ပဲလေ့စ် တောင်ပံကစားသမား မိုက်ကယ် အိုလီဆေးကိုပါ ခေါ်ယူဖို့ အခြေအနေကောင်းနေချိန် တိုက်စစ်မှူး ဒူရန်ကိုလည်း ထပ်မံ ကြိုးပမ်းလို့နေပါတယ်။