MySport Myanmar

ကစားသမားဟောင်း အကီကို ပြန်လည်ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာတဲ့ ချယ်လ်ဆီး

ဒီနှစ်နွေမှာ နောက်ခံကစားသမားတွေကို လက်လွတ်ထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းက ဈေးကွက်အတွင်း နောက်ခံလူတွေ ခေါ်ယူသွားဖို့ ကြိုးပမ်းနေရပြီး လက်ရှိမှာတော့ အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ နေသန်အကီကို ပြန်လည်ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့သလို ဆွေးနွေးမှုတွေလည်း တိုးတတ်လာခဲ့တယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ နယ်သာလန် ဗဟိုနောက်ခံလူ နေသန်အကီဟာ လက်ရှိ မန်ချက်စတာစီးတီးအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပေမယ့် မန်စီးတီးခံစစ်မှာက ရူဘင်ဒီယက်စ် ဂျွန်စတုန်းစ် လာပေါ့တ်တို့လို ထိပ်တန်းခံစစ်မှူးတွေ ရှိနေတဲ့အတွက် အကီက ဒီကစားသမားတွေ ကျော်လွန်ပြီး ပုံမှန်နေရာရဖို့ ခက်ခဲနေရပါတယ်။ မန်စီးတီးအသင်းဘက်ကလည်း အကီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒမရှိပဲ သူတို့အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာခဲ့တယ်ဆိုရင် ရောင်းချသွားဖို့ အဆင့်သင့် ရှိနေပါတယ်။

ဒီအချိန်မှာ နောက်ခံလူတွေ ပြန်လည်အားဖြည့်သွားဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းက အကီကို ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့ပြီး သဘောတူညီမှု ရရှိနိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို ထပ်ဆင့်ပြုလုပ်လျက် ရှိနေပါတယ်။ TimesSport ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ကြား အကီရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေဟာ ရက်အနည်းငယ်အတွင်းမှာပဲ အရှိန်မြင့်တတ်လာခဲ့ပြီး အကီဘက်ကလည်း သူ့အသင်းဟောင်းဆီ ပြန်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာလည်း အကီရဲ့ မန်စီးတီးအသင်းဖော် ရာဟင်စတာလင်ကို ခေါ်ယူနိုင်ဖို့က သေချုာခဲ့ပြီဖြစ်လို့ မကြာခင်မှာပဲ အကီကိုပါ ထပ်မံခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးက မန်စီးတီးကစားသမားတွေဖြစ်တဲ့ စတာလင် အကီနဲ့ ဇင်ချန်ကိုတို့ကို အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး လက်ရှိ အခြေအနေအရ စတာလင်နဲ့ အကီတို့ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့သလို ဇင်ချန်ကတော့ မန်စီးတီးက ကူကူရယ်လာကို ခေါ်ယူနိုင်မှ လက်လွတ်သွားဖွယ် ရှိနေပါတယ်။ ရူဒီဂါ ခရစ္စတန်ဆန်နဲ့ လူကာကူတို့ကို ဆုံးရှုံးထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းက လက်ရှိအချိန်ထိ ကစားသမားသစ် တစ်ဦးတစ်ယောက်မှ မခေါ်ယူသေးပဲ အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ကိုပါ ထပ်မံလက်လွတ်သွားရမယ့် အခြေအနေမျိုးတွေနဲ့လည်း ကြုံတွေ့နေရပြီး ကစားသမားသစ်တွေကိုတော့ မကြာခင်မှာပဲ ဆက်တိုက်ခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version