MySport Myanmar

မန်စီးတီးပစ်မှတ် ကူကူရယ်လာကို ကြားဖြတ် ခေါ်ယူသွားချင်နေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်း ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးအသင်း အလိုရှိနေတဲ့ ဘရိုက်တန် ဘယ်နောက်ခံကစားသမား မတ်ကူကူရယ်လာကို ကြားဖြတ် ခေါ်ယူသွားဖို့ စဉ်းစားလျက် ရှိနေတယ်လို့ ဗြိတိန်နာမည်ကြီး သတင်းမီဒီယာ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ယူကရိန်း ဘယ်နောက်ခံကစားသမား ဇင်ချန်ကို ကို အာဆင်နယ်အသင်းဆီ မရောင်းထုတ်ခင်ကတည်းက လာမာစီယာ အကယ်ဒမီထွက် စပိန် ဘယ်ခြမ်းခံစစ်ကစားသမား ကူကူရယ်လာကို ပစ်မှတ်ထားနေတဲ့ မန်စီးတီးအသင်းဟာ ကူကူရယ်လာအတွက် ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဘရိုက်တန်ဘက်ကတော့ သူတို့ ကစားသမားအတွက် ပေါင်သန်း(၅၀)အထိ တောင်းဆိုလာတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ခဲယဉ်းနေခဲ့ရပါတယ်။ ဒီအချိန်မှာ ချယ်လ်ဆီးဘက်ကပါ ကူကူရယ်လာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တဲ့အတွက် မန်စီးတီးအနေနဲ့ ချယ်လ်ဆီးနဲ့အပြိုင် ကူကူရယ်လာအတွက် ကမ်းလှမ်းမှုတွေ တိုးမြှင့်ရဖွယ်ပါ ရှိနေပါတယ်။

Photo Credit : CaughtOffside

နွေဈေးကွက်အတွင်း ရာဟင်စတာလင်နဲ့ ကာလီဒိုကူလီဘလီတို့ကို ခေါ်ယူထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ မကြာခင်မှာပဲ တတိယမြောက် ခေါ်ယူမှုအဖြစ် အမေရိကန် ဂိုးသမားလေး ဆလိုနီနာကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အသင်းမှာ ဖြည့်တင်းရမယ့် နေရာတွေ ဆက်လက် ရှိနေသေးပြီး အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အက်ဇ်ပီလီကွယ်တာ မားကို့စ်အလွန်ဆိုနဲ့ တီမိုဗာနာတို့ နေရာအတွက်ပါ အစားထိုးဖို့ပါ စီစဉ်နေရပါတယ်။ ဈေးကွက်အတွင်းမှာ အသင်းရဲ့ ဘယ်နောက်ခံလူ အလွန်ဆိုက ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့သွားဖို့ ဆန္ဒရှိနေပြီး တကယ်လို့သာ အလွန်ဆိုအနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့သွားမယ်ဆိုရင်တော့ သူ့နေရာမှာ အစားထိုးဖို့အတွက် ကူကူရယ်လာကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ ကူကူရယ်လာကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာခွင့်ရဖို့အတွက် ဘရိုက်တန်ဘက်ကို တောင်းဆိုထားခဲ့သလို အက်စပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာပါ လွဲချော်ထားခဲ့ရပါတယ်။ လက်ရှိမှာတော့ ကူကူရယ်လာကို မန်စီးတီးနဲ့ ချယ်လ်ဆီးက အပြိုင် အလိုရှိနေကြပေမယ့် စပိန်သားလည်းဖြစ် ဘာစီလိုနာ ကစားသမားဟောင်းလည်းဖြစ်တဲ့ ကူကူရယ်လာကတော့ ပတ်ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပြီး ဒီအပြောင်းအရွှေ့မှာ ကန့်လန့်ဖြစ်နေရတဲ့ သူရဲ့တန်ကြေးအပေါ်ကိုလည်း စိတ်ပျက်လျက် ရှိနေပါတယ်။

Exit mobile version