မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်း အပြောင်းအလဲ လုပ်ဆောင်ဖို့ သေချာသလောက်ကို ရှိနေသူ ပေါ်တီူ တိုက်စစ်ကစားသမားလေး ဂျာအိုဖေးလစ်ကို မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့သာမကပဲ ချယ်လ်ဆီးအသင်းကပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : LiveScore

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီရဲ့ ပထမရာသီဝက်အတွင်းမှာ ဂိုးသွင်းအားတွေ နည်းပါးလျက် ရှိနေတာကြောင့် ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက အသင်းတိုက်စစ်ပိုင်းအတွက် အားဖြည့်တင်းမှုတွေ လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးတိုက်စစ်မှာ အူဘာမီယန်း စတာလင် ဟာဗက်ဇ် ပူလီဆစ် ဇီယက်ရှ်တို့ ရှိနေပေမယ့် ပရီးမီးယားလိဂ်(၁၄)ပွဲ ကစားထားပြီးချိန်မှာ (၁၇)ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်သလို စတာလင် ဟာဗက်ဇ်တို့သာ လိဂ်ဂိုး(၃)ဂိုးစီ သွင်းယူထားကြပြီး အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးသူတွေ ဖြစ်နေရပါတယ်။

Photo Credit : The Telegraph

လက်ရှိမှာလည်း ချယ်လ်ဆီးက အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာထိကို ရောက်ရှိနေတာကြောင့် top 4 ထဲ ပြန်လည် တတ်လှမ်းနိုင်ဖို့အတွက် အသင်းတိုက်စစ်ပိုင်းကို အင်အား မြှင့်တင်သွားချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အာဆင်နယ်တို့အတူ အသက်လက်တီကိုက တိုက်စစ်ကစားသမားလေး ဖေးလစ်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဖေးလစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသက်လက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီနဲ့ အဆင်မပြေမှုတွေ ရှိနေတာကြောင့် ပွဲကစားခွင့် အကန့်အသတ်တွေနဲ့ ဖြစ်နေရပြီး ဇန်နဝါရီဈေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားချင်နေပါတယ်။ အရည်အသွေးမြင့် ဘင်ဖီကာ ကစားသမားဟောင်း ဖေးလစ်ကို အသက်လက်တီကိုဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့မှ ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ လက်ကျန်ရာသီဝက် အငှားနဲ့ ခေါ်မယ်ဆိုရင်တောင် အပြီးသတ် ခေါ်ယူခွင့်မှာ ပြောင်းရွှေ့ကြေး ခပ်များများနဲ့ ကမ်းလှမ်းလာမယ့် ကလပ်အသင်းဆီကိုသာ ရောင်းချသွားချင်နေပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဖေးလစ်ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်က သူ့ကစားသမားရဲ့ အနာဂတ်အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ဆွေးနွေးနေပြီဖြစ်လို့ ဖေးလစ်ကို ယူနိုက်တက် အာဆင်နယ်နဲ့ အခုနောက်တိုး ချယ်လ်ဆီး ဘယ်အသင်းက ရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ရပါတယ်။