ချယ်လ်ဆီးအသင်းဟာ အေဂျက်စ်အသင်းရဲ့ ဂါနာ ကြယ်ပွင့် ကစားသမား မိုဟာမက် ကူဒက်စ်ကို ခေါ်ယူသွားဖို့အတွက် ကစားသမား အေးဂျင့်ဖြစ်သူထံ ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ရာ အခုဆိုရင် ကူဒက်စ်နဲ့ပါ သဘောတူညီမှု ရရှိဖို့ နီးစပ်လာခဲ့ပြီလို့ သိရှိရပါတယ်။

ချယ်လ်ဆီးက ကူဒက်စ်အတွက် အေဂျက်အသင်းဆီ တရားဝင် ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်ရခြင်း မရှိသေးပေမယ့်လည်း ကစားသမားဖြစ်သူထံ ကနဦး ဆက်သွယ်ထားမှုတွေကတော့ အခြေအနေ အလွန် ကောင်းမွန်နေပါတယ်။

Photo Credit : The Short Fuse

ကူဒက်စ်ကို ချယ်လ်ဆီးနည်းတူ ချယ်လ်ဆီးရဲ့ လန်ဒန် မြို့ခံကလပ် အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေပေမယ့်လည်း ချယ်လ်ဆီးကတော့ အာဆင်နယ်ထက် လက်သွက်ခြေသွက်နဲ့ လှုပ်ရှားခဲ့ရာမှာ အခုဆို ကစားသမားနဲ့ personal agreed ရရှိဖို့ကလည်း နီးစပ်နေပြီလို့ The Athletic လို ခိုင်မာတဲ့ သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ် ဂါနာ လက်ရွေးစင် ကစားသမား ကူဒက်စ်ဟာ ကွင်းလယ် တိုက်စစ်နေရာမှာ အဓိက ဦးစားပေး ကစားနိုင်သူဖြစ်ပြီး လိုအပ်ရင်တော့ ညာတောင်ပံအခြမ်းကိုရော တိုက်စစ်မှူးအဖြစ်ပါ လိုက်ပါ ကစားနိုင်တဲ့ နေရာစုံ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ကူဒက်စ်က အေဂျက်စ်အတွက် ပြိုင်ပွဲစုံ (၄၂)ပွဲ ကစားခဲ့ရာ (၁၈)ဂိုး သွင်းယူပြီး (၇)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit : The Athletic

ဂါနာ ကြယ်ပွင့်လေး ကူဒက်စ်က အခု မန်ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ အေဂျက်စ်မှာ စတင် လက်တွဲကတည်းက တန်ဟက်ဂ်လက်အောက်မှာ တဖြည်းဖြည်းချင်း တောက်ပလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အေဂျက်စ်အသင်းနဲ့ (၃)ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ပွဲပေါင်း (၈၄)ပွဲ ကစားထားခဲ့ရသလို (၂၃)ဂိုးလည်း သွင်းယူနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ကူဒက်စ်အတွက် အကောင်းဆုံး ရာသီတစ်ခု ဖြစ်ခဲ့ပြီး နယ်သာလန်လိဂ်မှာလည်း လိဂ်ဂိုး (၁၁)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

အသက် (၂၂)နှစ်သာ ရှိနေသေးပေမယ့် ဂါနာ လက်ရွေးစင်အသင်းအတွက်ပါ (၂၄)ပွဲအထိ ပါဝင်ကစားထားပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာလည်း တောင်ကိုရီးယားအသင်းဘက်ကို သွင်းဂိုး (၂)ဂိုးပါ သွင်းယူရင်း သူရဲ့နာမည်ကို ဘောလုံး ပရိသတ်တွေ သတိထားလာမိစေပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကူဒက်စ်ကို ချယ်လ်ဆီးက အရ ခေါ်ယူသွားဖို့ စီစဉ်နေပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိပြီးရင်တော့ ယူရို သန်း (၄၀)နဲ့ စတင် ကမ်းလှမ်းသွားဖွယ်လည်း ရှိနေပါတယ်။