ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ဆယ်ကျော်သက်အရွှယ် လူငယ်ကွင်းလယ်ကစားသမားလေး မော်ရီဘာဟာ လက်ရှိအချိန်မှာ အသင်းနဲ့ ဆက်လက်ပူးပေါင်းသွားဖို့က မသေချာ မရေရာတော့တဲ့ အနေအထားကို ရောက်ရှိနေတာကြောင့် ဒီကစားသမားလေးကို မန်စီးတီး ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေလို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

Photo Credit : FC Barcelona

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် စပိန်လူငယ်ကစားသမားလေး မော်ရီဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘာစီလိုနာ စီနီယာအသင်းအတွက် စတင်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး တစ်ရာသီအတွင်း စုစုပေါင်း ပြိုင်ပွဲစုံ(၁၈)ပွဲအထိကို ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၂ခုနှစ်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မော်ရီဘာကို အသင်းဘက်ကနေ နှစ်ရှည်စာချုပ်တစ်ရပ်နဲ့ သက်တမ်းတိုးဖို့ ကြိုးပမ်းထားပေမယ့် ကစားသမားကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆက်လက်စဉ်းစားနေဆဲသာ ရှိနေပါသေးတာကြောင့် စာချုပ်သစ်ကိစ္စက ကြန့်ကြာလို့နေတာဖြစ်ပါတယ်။

Photo Credit : 90Min

ဘာစီလိုနာအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်မချုပ်ဆိုခင်ကတည်းက မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတဲ့ မော်ရီဘာဟာ လတ်တလောမှာ ဘာစီလိုနာနဲ့ စာချုပ်သစ်ကိစ္စကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိနေသေးတဲ့အတွက် အသင်းဘက်ကနေ သူ့ကို စီနီယာအသင်းရဲ့ လူစာရင်းကနေ ပြန်လည်ဖယ်ရှားထားခဲ့ပါတယ်။ ဒီလို အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် မော်ရီဘာကိုယ်တိုင် အတော်လေးကို စိတ်ပျက်လျက်ရှိနေပြီး အသင်းပြောင်းဖို့ကိုသာ စီစဉ်လာဖွယ် ရှိနေတာကြောင့် ကလပ်အသင်းများစွာကနေ အပြိုင်စိတ်ဝင်စားလာကြပါတယ်။ လတ်တလောမှာတော့ မော်ရီဘာကို ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ကနေ အဓိက စိတ်ဝင်စားနေကြပြီး ယူနိုက်တက်အသင်းကလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်ခန့်ကတည်းက မော်ရီဘာကို ပစ်မှတ်ထားနေခဲ့ပါတယ်။ ဒီအသင်းတွေအပြင် ဂျာမန်ဘွန်ဒစ်လီဂါရဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းကလည်း မော်ရီဘာကို အလိုရှိနေတာဖြစ်လို့ ဘာစီလိုနာအသင်းအနေနဲ့ ဒီကစားသမားလေးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့က ထင်ထားတာထက်ကို ပိုခက်ခဲလာနိုင်ပါတယ်။