ပရီးမီးယားလိဂ် နာမည်ကျော်ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဂျာမနီတောင်ပံကစားသမား လီရွိုင်း ဆာနေးရဲ့ စာချုပ်ကိစ္စ အခြေအနေတွေကို စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၂၈)အရွယ် ရှိနေပြီဖြစ်တဲ့ ညာတောင်ပံကစားသမား ဆာနေးက မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်မှာ (၃)ရာသီ ကျင်လည်ခဲ့ပြီး မန်စီးတီးအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သလို လိဂ်ဂိုး (၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ဖလားကိုလည်း (၂)ရာသီဆက်တိုက်ပါ ဆွတ်ခူးခဲ့ပါသေးတယ်။
Photo Credit : Sky Sports
ရှော်ကေးအသင်းနဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဂျာမန်ကစားသမားက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအစမှာ ဒဏ်ရာဆိုးကြီး ရခဲ့လို့ တစ်ရာသီလုံးနီးပါး လွဲချော်ခဲ့ရပြီးနောက် ၂၀၂၀နွေမှာပဲ ဂျာမနီကိုပြန်ပြီး ဘိုင်ယန်မြူးနစ်အသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့ပါတယ်။
မွေးရပ်မြေဆီ ပြန်ရောက်ခဲ့ပေမယ့် ACL ဒဏ်ရာကြောင့် ဆာနေးရဲ့ ခြေစွမ်းပိုင်းတွေက စီးတီးမှာ ပြသနိုင်ခဲ့တဲ့ အခြေအနေမျိုးထက် အနည်းငယ် ကျဆင်းလာခဲ့သလို အခုဆိုရင်လည်း ဆာနေးက ဘိုင်ယန်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ဆီကိုပါ ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။
Photo Credit : Football Transfer
ဒီအခြေအနေမှာ ဆာနေးနဲ့ ဘိုင်ယန်တို့ကြား စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိနေပေမယ့်လည်း အခုထိ ဘာမှ တိုးတက်လာခြင်း မရှိသေးတာကြောင့် ဒီအခြေအနေတွေကို ချယ်လ်ဆီး ယူနိုက်တက်တို့က စောင့်ကြည့်နေကာ ဆာနေးကိုလည်း ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ဆောင်သွားချင်နေပါတယ်။
ဘိုင်ယန်အနေနဲ့ကတော့ ဆာနေးကို စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေနိုင်ဘူးဆိုရင် နွေမှာ အလွတ်နဲ့ လက်လွတ်သွားဖို့ထက် လာမယ့် ဆောင်းဈေးကွက်မှာပဲ cut-price တန်ကြေးမျိုးနဲ့ ရောင်းချသွားတာမျိုးတွေ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်နေသလို အဲ့ဒီလိုသာ ရောင်းချမယ်ဆိုရင် ဘယ်အသင်းတွေက ကမ်းလှမ်းလာမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။