MySport Myanmar

ဘာကာ နောက်ခံလူ ခွန်ဒေကို အပြိုင်စိတ်ဝင်စားနေကြတဲ့ ယူနိုက်တက်နဲ့ ချယ်လ်ဆီး

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဘာစီလိုနာအသင်းရဲ့ ပြင်သစ် နောက်ခံကစားသမား ဂျူစ့် ခွန်ဒေကို ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ခွန်ဒေဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နွေဈေးကွက်ကမှ ဆီဗီလာကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၇၅)ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။

Photo Credit : Goal

ခွန်ဒေက လက်ရှိ ဘာစီလိုနာအသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်ကစားနေရပေမယ့် ဘာစီလိုနာအနေနဲ့ အသင်း ဘဏ္ဍာရေး အခြေအနေတွေကြောင့် ခွန်ဒေ အပါအဝင် အသင်းက ကစားသမားတချို့ကို ရှင်းထုတ်ရမယ့် အနေအထားတွေ ဖြစ်လာခဲ့ရပါတယ်။

တကယ်လို့ ဘာစီလိုနာကသာ ခွန်ဒေကို ရောင်းထုတ်မယ်ဆိုရင်တော့ ခွန်ဒေကို ဆီဗီလာမှာ ကစားခဲ့စဉ်ကတည်းက ပစ်မှတ်ထားခဲ့ဖူးတဲ့ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်တို့က သူတို့ပစ်မှတ်ဟောင်းကို နောက်တစ်ကြိမ် ပြန်လည် ကြိုးပမ်းသွားဖို့ အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။

Photo Credit : FC Barcelona Noticias

ခွန်ဒေဟာ ဗဟိုခံစစ် ကစားသမား ဖြစ်ပေမယ့်လည်း လိုအပ်ရင် ညာနောက်ခံ နေရာအတွက်ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိ ခွန်ဒေရဲ့ တန်ကြေးက ယူရို သန်း(၆၀)လောက်အထိ ရှိနေသလို အသင်းနဲ့လည်း ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာမို့ ခွန်ဒေအတွက် အနိမ့်ဆုံး ယူရို သန်း(၇၀)လောက်အထိ အသုံးပြုရဖွယ် ရှိနေပါတယ်။

ဘာစီလိုနာရဲ့ အနေအထားကလည်း လာမယ့်နွေမှာ ခွန်ဒေ ဒါမှမဟုတ် အာရူဟိုတို့ထဲက တစ်ဦးဦးကို ရောင်းထုတ်သွားရနိုင်ပြီး ဒီခံစစ်ကစားသမား (၂)ဦးကိုလည်း ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားမှုတွေ ရှိနေကြပါတယ်။

Exit mobile version