Sky Germany သတင်းမီဒီယာရဲ့ နာမည်ကြီး ဘောလုံးသတင်းထောက် ဖလော်ရန် ပလက်တန်ဘက်ချ်ရဲ့ သတင်းဖော်ပြချက်အရ ချယ်လ်ဆီးအသင်း အလိုရှိနေတဲ့ နည်းပြစာရင်းထဲမှာ အသင်းနည်းပြဟောင်း သောမတ်စ် တူဟယ်လ်ပါ ပါဝင်လျက် ရှိနေတယ်လို့ သ်ိရှိရပါတယ်။
လက်ရှိမှာ နည်းပြ တူဟယ်လ်က ဘိုင်ယန်မြူးနစ် နည်းပြအဖြစ် ဆောင်ရွက်နေပေမယ့်လည်း လက်ရှိ သူရဲ့ စွမ်းဆောင်မှုတွေကြောင့် အသင်းက ပြိုင်ပွဲအရပ်ရပ်မှာ အခြေအနေမကောင်းပဲ ဖလားလက်မဲ့ ရာသီတစ်ခုပါ ဖြတ်သန်းရဖို့ ရှိနေရပါတယ်။
Photo Credit : FC Bayern
ဒီလို အခြေအနေတွေကြောင့် တူဟယ်လ်က ဒီရာသီအကုန်မှာ ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ဖို့ သဘောတူညီထားပြီး ဘိုင်ယန်ကလည်း တူဟယ်လ်နေရာမှာ အစားထိုးဖို့အတွက် နည်းပြသစ်တစ်ဦးကိုပါ လိုက်လံ ရှာဖွေလို့နေပါတယ်။
ရာသီအကုန်မှာ ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ပြီး အသင်းလက်မဲ့ ဖြစ်တော့မယ့် တူဟယ်လ်က ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်သွားချင်နေကာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ချင်နေပါတယ်။ တူဟယ်လ်က ပရီးမီးယားလိဂ်မှာ အောင်မြင်မှု မရသေးဘူးလို့ သတ်မှတ်ထားတာကြောင့် တူဟယ်လ်အနေနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းဆီ ကိုင်တွယ်ချင်နေပါတယ်။
Photo Credit : The Chelsea Chronicle
ဒီလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာချင်နေတဲ့ တူဟယ်လ်ကို သူ့အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးကပါ နည်းပြအဖြစ် ပြန်လည် ခန့်အပ်ဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ ပလက်တန်ဘက်ချ်က ဖော်ပြထားခဲ့သလို တူဟယ်လ်ကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းဆီ ပြန်သွားချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးကလည်း ရာသီကုန်မှာ ဥရောပဝင်ခွင့် တစ်နေရာစာ မရရှိခဲ့ရင် လက်ရှိနည်းပြ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ရှိနေပြီး သူ့နေရာအတွက် စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမိုရင်ကို ခန့်အပ်ဖို့ ရှိနေပေမယ့် အမိုရင်ကို ခန့်အပ်ဖို့က မလွယ်ကူတာကြောင့် နည်းပြဟောင်း တူဟယ်လ်ကိုပဲ ကြိုးပမ်းသွားနိုင်ဖွယ် ရှိနေပါတယ်။