ချယ်လ်ဆီးအသင်းက ဒီနွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်ခြင်း မရှိသေးဘူးဆိုပေမယ့် အသင်းမှာ အမှန်တကယ် ဖြည့်တင်းသွားရမယ့် နေရာတွေဖြစ်တဲ့ ဗဟိုနောက်ခံလူနေရာနဲ့ တိုက်စစ်မှူးနေရာတွေအတွက် ကစားသမားတွေကို ချိန်ရွှယ်လျက်ရှိနေပြီး တိုက်စစ်နေရာအတွက်ကိုတော့ အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လူကာကူကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့ရာ အခုဆိုရင် တတိယအကြိမ်မြောက်အဖြစ်ပါ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Express

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်အတွင်းမှာ တိုက်စစ်ပိုင်းအတွက် ဟာရီကိန်း လူကာကူနဲ့ အာလင်းဟာလန်းတို့ကို ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး လက်ရှိအနေအထားတွေအရ ကိန်း ဟာလန်းတို့ထက် လူကာကူကို ခေါ်ယူသွားဖို့က အသင်းအတွက် အဓိကကျလာခဲ့ရပါတယ်။ ချယ်လ်ဆီးဟာ ကနဦးပိုင်းက ဟာလန်းကိုသာ ခေါ်ယူသွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ဟာရီကိန်းမှာလည်း မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ချင်နေတာမို့ ချယ်လ်ဆီးဘက်ကနေ ကစားသမားဟောင်း လူကာကူကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Be Soccer

အီတလီနိုင်ငံမှာ ဘောလုံးရာသီ(၂)ရာသီ ဖြတ်သန်းခဲ့ပြီး တစ်ရာသီကို အနိမ့်ဆုံး သွင်းဂိုး(၂၀) သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာပါ အင်တာမီလန်အသင်းနဲ့ စီးရီးအေချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့တဲ လူကာကူကို ချယ်လ်ဆီးဘက်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀) တစ်နှစ်လုပ်ခ ယူရို(၁၀)သန်းဝန်းကျင်နဲ့ ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းလာခဲ့ပေမယ့် အင်တာဘက်ကနေ ပယ်ချသွားခဲ့သလို ပြောင်းရွှေ့ကြေး ယူရို(၁၃၃)သန်း တစ်နှစ်လုပ်ခ ယူရို(၁၅)သန်းနဲ့ ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းလာခဲ့မှုမှာလည်း အင်တာက လုံးဝကို ငြင်းဆန်သွားခဲ့ပါတယ်။ လူကာကူဟာ အင်တာမီလန်အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း အီတလီမှာ အဆင်ပြေနေတဲ့အတွက် အသင်းပြောင်းဖို့ ဆန္ဒမရှိ ဖြစ်နေရပါတယ်။ ဒါပေမယ့် The Athletic ကနေ ဖော်ပြလာချက်မှာတော့ ချယ်လ်ဆီးဘက်ကနေ တတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံလုပ်ဆောင်လာဦးမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အင်တာဘက်က အလိုရှိနေတဲ့ နောက်ခံအစွန်လူတစ်ဦးကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။