ချယ်လ်ဆီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ပီအက်စ်ဂျီရဲ့ ပြင်သစ်နောက်ခံကစားသမား ပရက်စနယ်ကင်ပမ်ဘေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး အသင်းနှစ်သင်းကြား ကင်ပမ်ဘေရဲ့ ပြောင်းရွှေ့ကြေးကို စေ့စပ်ညှိနှိုင်းလို့နေကာ သဘောတူညီမှု တစ်စုံတစ်ရာ မရရှိသေးဘူးလို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေဈေးကွက်ထဲမှာ နောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါ ခရစ္စတန်ဆန်တို့ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားရတာကြောင့် သူတို့နေရာအတွက် ဦးစားပေး ပြန်လည် ဖြည့်တင်းနေရပြီး လက်ရှိမှာလည်း နာပိုလီအသင်းရဲ့ ထိပ်တန်းခံစစ်မှူး ကူလီဘလီကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းအတွက် ကူလီဘလီလို world-class defender မျိုး ခေါ်ယူထားနိုင်ခဲ့ပေမယ့် နောက်ထပ် center-back တစ်ဦး ထပ်မံ ခေါ်ယူချင်နေသေးတဲ့ ချယ်လ်ဆီးက ပီအက်စ်ဂျီအသင်းရဲ့ အဓိကနောက်ခံလူ ကင်ပမ်ဘေကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

Presnel Kimpembé (PSG) : "On a de la qualité, mais ça ne suffit pas"

Photo Credit : Foot Nacional

ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က သူရဲ့တပည့်ဟောင်း ကင်ပမ်ဘေကို ချယ်လ်ဆီးအသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်ပြီး နွေဈေးကွက် စတင်ချိန်လောက်ကတည်းက တောက်လျှောက် စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ကင်ပမ်ဘေက ပီအက်စ်ဂျီ ခံစစ်ပိုင်းမှာ မာကင်ဟို့စ်နဲ့ တွဲဖက်ပြီး ပါဝင်ကစားနေရသူဖြစ်သလို ဝါရင့်နောက်ခံလူကြီး ရာမို့စ်ထက်လည်း အသင်းမှာ နေရာပိုရသူဖြစ်လို့ ပီအက်စ်ဂျီဘက်က ရောင်းထုတ်မသွားချင်ပေမယ့် ပီအက်စ်ဂျီအသင်းကိုယ်တိုင်က အင်တာမီလန်အသင်းရဲ့ ဆလိုဗက်ကီးယား နောက်ခံလူ မီလန်ရှကရီညာကို ခေါ်ယူချင်နေတာဖြစ်လို့ ရှကရီညာသာ ရောက်ရှိလာခဲ့မယ်ဆိုရင် ကင်ပမ်ဘေရဲ့ ပွဲကစားခွင့်တွေက မရေမရာ ဖြစ်လာနိုင်ပါတယ်။ ပီအက်စ်ဂျီဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၆၀)/(၆၅)သန်းလောက် သတ်မှတ်ထားတာဖြစ်ပြီး ချယ်လ်ဆီးဘက်ကတော့ ယူရို(၄၅)သန်း/သန်း(၅၀)လောက်နဲ့သာ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိအချိန်ထိကတော့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးနေဆဲဖြစ်ပြီး ပီအက်စ်ဂျီကတော့ ကင်ပမ်ဘေလို ကစားသမားမျိုးကို အသင်းကနေ အလျင်စလို ရောင်းထုတ်ဖို့ မလိုအပ်သလို အသင်းရဲ့ ပရောဂျက်ထဲမှာလည်း ပါဝင်နေတဲ့သူ ဖြစ်တဲ့အတွက် သူတို့ သတ်မှတ်ထားတဲ့ တန်ကြေးမျိုးနဲ့ ကမ်းလှမ်းလာမှသာ လက်ခံစဉ်းစားသွားဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းက ခံစစ်ပိုင်းအတွက် ကင်ပမ်ဘေအပြင် လိုက်ပ်ဇစ်အသင်းရဲ့ ခရိုအေးရှားနောက်ခံလူ ဂါဗာဒီယိုကိုပါ ပစ်မှတ်ထားနေပါတယ်။