မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့အပြိုင်ပစ်မှတ်ထားနေရတဲ့ လိုင်လီအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဗစ်တာအိုဆီမန်ကတော့ သူနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်လျက်ရှိနေတဲ့ စီးရီးအေထိပ်သီးကလပ် နာပိုလီအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အတော်လေးကို နီးစပ်လျက်ရှိနေပြီဖြစ်ပြီး သိပ်မကြာခင် ရက်ပိုင်းလေးအတွင်းမှာပဲ နေပယ်မြို့ကို လာရောက်ပြီး ဆေးစစ်မှုတွေကို လုပ်ဆောင်ကာ အပြောင်းအရွှေ့ကို အပြီးသတ်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Transfermarket

အသက်(၂၁)နှစ်အရွှယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အိုဆီမန်ဟာ သူရဲ့တိုက်စစ်စွမ်းရည် ထက်မြက်မှုတွေကြောင့် ဥရောပထိပ်သီးကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရပြီး ဒီအသင်းတွေထဲကမှ ယူနိုက်တက် ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့က အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားခဲ့ကြပါတယ်။ ဒါပေမယ့် အသင်းအားလုံးထက် နာပိုလီက အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ လက်ဦးနိုင်ခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း ဂတ်တူဆိုလက်အောက်မှာ ကစားချင်နေတာကြောင့် အခြားအသင်းတွေထက် နာပိုလီကို ရွေးချယ်လိုက်တာဖြစ်ပြီး အိုဆီမန်အတွက် နာပိုလီဘက်ကနေ ပြောင်းရွှေ့ကြေးကို ပေါင်(၇၄)သန်းလောက် ပေးချေရဖွယ် ရှိနေပါတယ်။

Photo Credit : Youtube

ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဝုလ်စ်ဘတ်အသင်းမှာ စီနီယာကစားသမားဘဝကို စတင်ခဲ့တဲ့ အိုဆီမန်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ဘယ်ဂျီယံကလပ် Charleroi ကနေ လိုင်လီအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ဘောလုံးရာသီမှာပဲ ပြင်သစ်လီဂူးရဲ့တစ်လတာအတွင်း အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့သလို ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာလည်း သူရဲ့ကစားသမားဘဝ ပထမဆုံးသော ချန်ပီယံလိဂ်သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ အထောင်တိုက်စစ်မှူးအဖြစ်ရော တောင်ပံတိုက်စစ်ကစားသမားအဖြစ်နဲ့ပါ ကျွမ်းကျင်စွာ ကစားတတ်တဲ့ အိုဆီမန်ကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကနေ အပြိုင်စိတ်ဝင်စားခဲ့ပေမယ့် အိုဆီမန်ကတော့ အီတလီစီးရီးအေမှာပဲ သွားရောက်ကစားဖို့ကိုပဲ စိတ်အားထက်သန်နေခဲ့ပြီး နာပိုလီတိုက်စစ်မှာ အင်ဆစ်ဂနီ မာတန်စ် လိုဇာနိုတို့နဲ့ တွဲဖက်ကစားရဖွယ် ရှိနေပါတယ်။ အိုဆီမန်ရောက်လာတော့မှာဖြစ်လို့ အသင်းရဲ့ပိုလန်တိုက်စစ်ကစားသမား မီလစ်ကတော့ အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ်ရှိနေပြီး ဂျုဗင်တပ်စ် အင်တာမီလန်အသင်းတို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။