ရလဒ်အတတ်အကျပေါင်းများစွာနဲ့ လက်ရှိ ပရီးမီးယားလိဂ်မှာတော့ အဆင့်၄နေရာကို ကာကွယ်နိုုင်ဖို့အတွက် ဖိအားတွေဝင်လို့နေရတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)ရဲ့ ပွဲစဉ်အဖြစ်ကို ဒီနောက်ပိုင်းမှာ သူတို့အသင်းကို ဒုက္ခပေးနေကြ အသင်းတစ်သင်းဖြစ်တဲ့ အဝေးကွင်းမှာ ဘုန်းမောက်နဲ့တွေ့ဆုံနေခဲ့ပြီး တစ်ဖက်ကို ၂ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ကယ်ပါကို ဆက်လက်ခေါက်ထားခဲ့သလို နောက်ခံလူရူဒီဂါမှာလည်း လူစာရင်းပါဝင်လာခြင်းမရှိပဲ ဂျရှး မေဆန်မောင့် ပတ်ဒရို ကိုဗာဆစ် ဂျော်ဂျင်ဟို အလွန်ဆို ရီးစ်ဂျိမ်းစ် တိုမော်ရီ ခရစ္စတန်ဆန် အက်စ်ပီလီကွယ်တာ ကာဘယ်ရိုလာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင်ဘုန်းမောက်ဘက်မှာလည်း ဝီလ်ဆင် ကင်း ဖရေဆာ လာမာ အကီတို့လို ကစားသမားတွေကို အသုံးပြုလာခဲ့ပြီး ချယ်လ်ဆီးအသင်းကို ဒုက္ခပေးနိုင်အောင် ပြင်ဆင်လာခဲ့ပါတယ်။ ပွဲစအပိုင်းတွေမှာ ဘုန်းမောက်က ချယ်လ်ဆီးခံစစ်ကို အတော်လေးအလုပ်ရှုပ်အောင် မွှေနှောက်နိုင်ခဲ့ပေမယ့် သွင်းဂိုးတော့မရရှိခဲ့ပဲ ၁၅မိနစ်နောက်ပိုင်းမှာတော့ ချယ်လ်ဆီးအသင်းက ပြန်လည်ဖိအားပေးလာခဲ့ကာ ၃၃မိနစ်မှာတော့ မားကို့စ်အလွန်ဆိုက အဖွင့်ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိိန်မှာ ဘုန်းမောက်အသင်းဘက်ကနေ ချေပဂိုးပြန်လည်ရရှိဖို့အတွက် ကြိုးပမ်းလာခဲ့ရာမှာ သူတို့အသင်းရဲ့ ထိုးဖောက်မှုတွေကို ချယ်လ်ဆီးခံစစ်ဘက်က တောင့်မခံနိုင်တော့ပဲ ဘုန်းမောက်ကို သွင်းဂိုးတွေ စတင်ခွင့်ပြုလာခဲ့ရပါတယ်။ ၅၄မိနစ်မှာ ကွင်းလယ်လူလာမာက ဘုန်းမောက်အတွက် ချေပဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး နောက်၄မိနစ်အကြာမှာလည်း ဂျို့ကင်းက ဒုတိယဂိုးကို ဆက်တိုက်သွင်းယူလာခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီးမှ ပြန်ပြီးဦးဆောင်ခံလိုက်ရတဲ့ ချယ်လ်ဆီးအသင်းဟာ ဝီလီယံ ဘာကလေနဲ့ ဘတ်ရှုအာယီတို့ကို ထည့်သွင်းလာခဲ့ပြီး တိုက်စစ်ကို ပုံစံပြောင်းလာခဲ့လို့ ဖိအားပြန်ပေးလာနိုင်ခဲ့ကာ ချေပဂိုးဝင်လုနီးပါးတောင် ဖြစ်ခဲ့ပါတယ်။ ဒီလို တရစပ်တိုက်စစ်ဆင်နေရင်းနဲ့ ၈၆မိနစ်မှာ အလွန်ဆိုကပဲ ချယ်လ်ဆီးအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။