နွေဈေးကွက် မပိတ်သိမ်းခင်မှာ တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးကြီး ပီယာအန်းမရစ်ခ်အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးပမ်း လုပ်ဆောင်လျက် ရှိနေရာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ဘာစီလိုနာအသင်းဘက်က ခွင့်ပြုချက်သာ လိုအပ်နေတော့တယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ကို ကစားသမားတွေရဲ့ သက်ဆိုင်ရာ အသင်းဟောင်းတွေဆီ ပြန်လည် စေလွှတ်ခဲ့သလို ဇီယက်ရှ်နဲ့ ပူလီဆစ်တို့ရဲ့ အနာဂတ်တွေဟာလည်း မရေမရာ ဖြစ်လာခဲ့ရတာကြောင့် တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ တောင်ပံတိုက်စစ် နေရာအတွက် ရာဟင်စတာလင်ကို ခေါ်ယူထားခဲ့ပေမယ့် အထောင်တိုက်စစ်ပိုင်းအတွက်ကိုတော့ no(9) role စစ်စစ် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားရဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးဟာ လက်ရှိမှာတော့ မြို့ခံကလပ် အာဆင်နယ်ရဲ့ကစားသမားဟောင်း အူဘာမီယန်းကို ခေါ်ယူသွားဖို့ လုပ်ဆောင်နေပြီး ခေါ်ယူနိုင်ဖို့လည်း အခြေအနေ အလွန်ကောင်းနေပြီ ဖြစ်ပါတယ်။

Photo Credit : Barca Blaugranes

အသက်(၃၃)နှစ်အရွယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ လက်ကျန်ရာသီဝက်မှာ အသင်းအတွက် (၂၃)ပွဲအတွင်း (၁၃)ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် နွေဈေးကွက်အတွင်းမှာ ဘာစီလိုနာဘက်က လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့ကို ခေါ်ယူလိုက်သလို ဒမ်ဘီလီကိုပါ စာချုပ်သက်တမ်း တိုးမြှင့်လိုက်တာကြောငိ့ အူဘာရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီက အူဘာကို အသင်းမှာ ဆက်ရှိစေချင်နေသလို အူဘာကလည်း ဘာစီလိုနာမှာပဲ ဆက်ရှိနေချင်ပေမယ့် တိုက်စစ်မှူးတစ်ဦး အလိုရှိနေတဲ့ ချယ်လ်ဆီးဘက်က အူဘာကို ချိတ်ဆက်လာခဲ့ပြီး ချယ်လ်ဆီးကို ကိုင်တွယ်နေတဲ့ နည်းပြသောမတ်စ်တူဟယ်လ်ကလည်း အူဘာနဲ့အတူ ဒေါ့မွန်နဲ့ တွဲဖက်ခဲ့ဖူးသူတွေဖြစ်လို့ အူဘာဘက်က ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ဖို့ စဉ်းစားလာခဲ့ပါတယ်။ ဘာစီလိုနာဘက်ကတော့ ဆီဗီလာကနေ ခေါ်ယူထားတဲ့ နောက်ခံလူ ခွန်ဒဲကို လာလီဂါမှာ မှတ်ပုံတင်နိုင်ဖို့အတွက် သန်း(၂၀)ဝန်းကျင်လောက် ဝင်ငွေရှိဖို့ လိုအပ်နေတဲ့အတွက် အူဘာကို ယူရိုသန်း(၃၀)နဲ့ ရောင်းချချင်နေပြီး ချယ်လ်ဆီးနဲ့ အူဘာဘက်ကတော့ တွေ့ဆုံဆွေးနွေးမှုတွေ ကောင်းမွန်ထားခဲ့တာကြောင့် personal agreed ရရှိဖို့က စိတ်ပူစရာ မလိုပဲ ဘာစီလိုနာအသင်းကသာ ခွင့်ပြုမယ်ဆိုရင်တော့ အူဘာအနေနဲ့ သူ ကျင်လည်ခဲ့ဖူးတဲ့ လန်ဒန်မြေဆီကို တစ်ကျော့ပြန်နိုင်တော့မှာပဲ ဖြစ်ပါတယ်။