ဆဲလ်တစ်အသင်းမှာ လက်စွမ်းပြသနိုင်ခဲ့လို့ နာမည်ကျော်ကြားလာရာကနေ ဆောက်သမ်တန်အသင်းဆီကို မျှော်လင့်ခြင်းပေါင်းများစွာ တကယ်တမ်း ရောက်ရှိလာချိန်မှာတော့ လက်စွမ်းတွေ ကျဆင်းခဲ့လို့ နေရာပျောက်ဆုံးလာခဲ့တဲ့အပြင် အသင်းဟောင်းဆီကိုပါ အငှားပြန်ချခံရတဲ့ အင်္ဂလန်ဂိုးသမား ဖရေဆာဖော်စတာကို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ လန်ဒန်မြို့ခံအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့အာဆင်နယ်တို့က အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဖရေဆာဟာ ဆောက်သမ်တန်အသင်းရဲ့ ဂိုးသမားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ သူရဲ့အသင်းဟောင်း ဆဲလ်တစ်အသင်းမှာ တစ်ရာသီအငှားနဲ့ ပြန်လည်ကစားနေတာဖြစ်ပြီး အသင်းဟောင်း လက်စွမ်းတွေပြန်လည်ပြသနေတာကြောင့် သူ့ကို ချယ်လ်ဆီးအသင်းကပါ မျက်စိကျလာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးက လာမယ့်စျေးကွက်အတွင်းမှာ အသင်းရဲ့ ကယ်ပါကို ရောင်းထုတ်ဖို့ရှိနေတဲ့အတွက် ဂိုးသမားသစ်တစ်ယောက်ကိုပါ ရှာဖွေလျက်ရှိနေပြီး အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ ဖော်စတာကိုပါ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Sport Mole

စကော့တလန်ကနေ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဖော်စတာကို ခေါ်ဆောင်နေချင်တဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးအပြင် အာဆင်နယ်နဲ့ အခြားပရီးမီးယားလိဂ်အသင်းများစွာ ပါဝင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းက လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အရန်ဂိုးသမားဖြစ်တဲ့ မာတီနက်ဇ်ကို လက်လွတ်ရဖွယ်ရှိနေတာကြောင့် အသင်းမှာ အရန်ဂိုးသမားတစ်ယောက်ထားဖို့အတွက် ဖရေဆာကို စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ အရပ်(၆)ပေ(၆)လက်မအထိရှိတဲ့ ဂိုးသမားဖော်စတာဟာ နယူးကာဆဲလ်ယူနိုက်တက် လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီးတော့ သူရဲ့ဘောလုံးသမားဘဝ အချိန်အများစုကို အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ရတာဖြစ်ပြီး ဆဲလ်တစ်အသင်းနဲ့ စကော့တလန်အမှတ်ပေးချန်ပီယံဆုကို (၄)ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကိုလည်း (၆)ပွဲအထိ ကစားပေးထားနိုင်ခဲ့ပါတယ်။ ဖော်စတာဟာ ဆောက်သမ်တန်မှာတော့ လုံးဝကို အလုပ်မဖြစ်ခဲ့တဲ့လို့ သူ့ကို အသင်းကနေ ရောင်းထုတ်သွားချင်နေသလို ပြောင်းရွှေ့့ကြေး ပေါင်(၁၀)သန်းဝန်းကျင်နဲ့ ရောင်းချဖွယ်ရှိပါတယ်။