တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းမှာ ပါဝင်ကစားနေတဲ့ တောင်ကိုရီးယား နောက်ခံကစားသမား ကင်မင်ဂျယ်ကို ခေါ်ယူချင်နေတဲ့ ဥရောပ ကလပ်အသင်းတွေများစွာ ရှိနေတဲ့ကြားထဲမှာ ပရီးမီးယားလိဂ်ရဲ့ လန်ဒန်အခြေစိုက် အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတွေပါ ပါဝင်လာခဲ့တယ်လို့ Sport Witness သတင်းမီဒီယာရဲ့ သတင်းထောက်တစ်ဦးက ထုတ်ဖော်သွားခဲ့ပါတယ်။

Photo Credit : Odu News

အသက်(၂၅)နှစ်အရွှယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ကင်မင်ဂျယ်ဟာ ၂၀၂၁ခုနှစ်ကမှ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအမ်အသင်းကနေ တူရကီကလပ် ဖီနာဘာချီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခကိရှိမှာ ဖီနာဘာချီအသင်းနဲ့အတူ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို ဖြတ်သန်းနေရင်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၀)အထိကို ပါဝင်ကစားခွင့် ရရှိထားသူ ဖြစ်ပါတယ်။ ကင်က ခံစစ်ကစားသမားတွေမှာ ရှိနေသင့်တဲ့ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုမျိုးကို ပိုုင်ဆိုင်ထားသလို သူရဲ့ကြံခိုင်မှုနဲ့ လျင်မြန်ဖြတ်လတ်မှုတွေကလည်း လိုက်လျောညီထွေမှု ရှိနေတာကြောင့် ကင်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ စတင်စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ကိုရီးယားနောက်ခံလူ ကင်မင်ဂျယ်ကို စပါးအသင်းကနေ စတင်စိတ်ဝင်စားခဲ့တာဖြစ်ပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း အဆင်မပြေခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်သလို ဂျုဗင်တပ်စ်နဲ့ ပေါ်တိုအသင်းတွေကလည်း ကင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးပါတယ်။ အခုလက်ရှိမှာတော့ ကင်ကို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က ထပ်မံစောင့်ကြည့်လာခဲ့ပြီး လာမယ့်နွေမှာ အပြိုင်ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာဆင်နယ်ထက် ခံစစ်ပိုင်း အပြောင်းအလဲများစွာ လုပ်ဆောင်ရနိုင်မယ့် ခိယ်လ်ဆီးအသင်းက ကင်မင်ဂျယ်ကို ခေါ်ယူသွားဖို့ကို ပိုမို ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေမှာပဲ အသင်းရဲ့ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားရတော့မှာဖြစ်လို့ ဒီကစားသမားတွေရဲ့နေရာအတွက် ပြန်လည်ဖြည့်တင်းမှုတွေ လုပ်ဆောင်ရမှာဖြစ်လို့ ကင်ကို အရခေါ်ယူနိုင်ခြေ ရှိနေသလို ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ခွန်ဒယ်ကိုလည်း ထပ်မံကြိုးပမ်းဖွယ်လည်း ရှိနိုင်ပါတယ်။