ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းချက် တခု ဖြစ်နေတဲ့ ဂိုးသမားနေရာ အတွက် နယူးအင်္ဂလန် ဂိုးသမား ပီထရိုဗစ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဆားဘီးယား လက်ရွေးစင် ဂိုးသမား ပီထရိုဗစ်က ၂၀၂၂ခုနှစ်မှာ ဆားဘီးယားကလပ် ကူရာရစ်ကီ ကနေ နယူးအင်္ဂလန်ဆီ ပြောင်းရွှေ့ကြေး ယူရို ၉သိန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နယူးအင်္ဂလန်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ရခဲ့ပါတယ်။

Photo Credit: Team Talk

ပီထရိုဗစ်က နယူးအင်္ဂလန် ကစားသမား ဘဝမှာ စုစုပေါင်း ၄၈ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၅၈ဂိုးသာ ခွင့်ပြုပေးထားရသလို ပေးဂိုးမရှိတဲ့ပွဲ ၁၅ပွဲ အထိ ရှိခဲ့ပါတယ်။

တဖက်မှာတော့ ချယ်လ်ဆီးက ယခု နွေဈေးကွက်အတွင်းမှာ ဆန်းချက်ဇ်ကို ဘရိုက်တန်ကနေ ခေါ်ယူထားနိုင်ပေမယ့် အသင်းရဲ့ ရှိရင်းစွဲ ဂိုးသမားတွေ ဖြစ်တဲ့ မန်ဒီနဲ့ ကီပါတို့ နှစ်ဦးစလုံးကို အသင်းပြောင်းခွင့် ပေးထားတာကြောင့် ဂိုးသမားသစ် တဦးကို ထပ်မံ ခေါ်ယူဖို့ လိုအပ်နေပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လက်စွမ်းကောင်းသလို ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့ အံဝင်ခွင်ကျ ကစားနိုင်တဲ့ ပီထရိုဗစ်ကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ချယ်လ်ဆီးဟာ ပီထရိုဗစ်ကို ခေါ်ယူနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပီထရိုဗစ်နဲ့ရော ၊ နယူးအင်္ဂလန်နဲ့ပါ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာပဲ ပီထရိုဗစ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၆သန်းနဲ့ ခေါ်ယူဖို့ အတွက် နယူးအင်္ဂလန်နဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး ပီထရိုဗစ်က မကြာခင်မှာပဲ အင်္ဂလန်နိုင်ငံဆီ လာရောက်ကာ ချယ်လ်ဆီးနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။