ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ စာချုပ်သစ် ကိစ္စတွေနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ အသင်းရဲ့ ခံစစ်ကြောင်း အတွက် အင်အားဖြည့်မှု တရပ် အဖြစ် ဖီနာဘာချီအသင်းရဲ့ ဟန်ဂေရီ နောက်ခံလူ ဆာ့ဇ်လိုင်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း တူရကီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ဟန်ဂေရီအသင်းရဲ့ အဓိက နောက်ခံလူ ဆာ့ဇ်လိုင်းဟာ ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် ဥရောပ အသင်းကြီး အများစုရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူ ဖြစ်ကာ ဂျူဗင်တပ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က ဆာ့ဇ်လိုင်းကို ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။

Photo Credit: Express

အရပ်အမြင့် ၆ပေ ၄လက်မ ရှိကာ ဘယ်ခြေအားသန် ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဆာ့ဇ်လိုင်းဟာ ဟန်ဂေရီ ဗန်ဒိုက် အဖြစ် တင်စားခံထားရသူ ဖြစ်ပြီး သူ့ရဲ့ ခေါင်းတိုက်စွမ်းရည်နဲ့ တိကျတဲ့ ဘောလုံးပေးပို့မှု စွမ်းရည်တွေကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကင်းထောက်တွေဟာ သူ့ကို ခေါ်ယူဖို့ မျက်စိကျခဲ့တာပါ။

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ CNN Turk သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ဆာ့ဇ်လိုင်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၃.၄သန်းတန် ကမ်းလှမ်းမှု တရပ်ကို ပြုလုပ်ထားပြီး ဖီနာဘာချီအသင်းကလည်း ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Express

တဖက်မှာလည်း ချယ်လ်ဆီးအသင်းဟာ ဆာ့ဇ်လိုင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး တနှစ် လုပ်ခလစာ ယူရို၄သန်းနဲ့ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုသွားဖို့ သဘောတူညီမှု ရရှိထားကြောင်း ဆာ့ဇ်လိုင်းနဲ့ နီးစပ်သူတွေက အတည်ပြုထားကြပါတယ်။

ဒါကြောင့် ဟန်ဂေရီ ဗန်ဒိုက်လို့ နာမည်ကြီးနေတဲ့ ဆာ့ဇ်လိုင်းကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ စတင် ဖွင့်လှစ်တာနဲ့ ချယ်လ်ဆီးအသင်းမှာ မြင်တွေ့ရဖွယ် ရှိပါတယ်။