ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယခုနှစ် နွေဈေးကွက် အတွင်း သူတို့ရဲ့ တတိယမြောက် စီနီယာ ကစားသမား ခေါ်ယူမှု အဖြစ် အမေရိကန် ကြယ်ပွင့် ဂိုးသမား ဆလိုနီနာကို ခေါ်ယူဖို့ တရားဝင် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အမေရိကန် လူငယ်ကြယ်ပွင့် ဂိုးသမား ဆလိုနီနာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချီကာဂို ဖိုင်းယားနဲ့အတူ အတော်လေး လက်စွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူ့ရဲ့ လက်စွမ်းတွေကြောင့်ပဲ လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်က ဆလိုနီနာကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ရီးရဲလ်မက်ဒရစ် တသင်းထဲက ဆလိုနီနာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ မဟုတ်ပဲ အမေရိကန် သန်းကြွယ်သူဌေး တော့ပ် ဘိုလီ ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးကပါ ဆလိုနီနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းစလုံးက ဆလိုနီနာအတွက် ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြပေမယ့် ချီကာဂို ဖိုင်းယားကတော့ ဆလိုနီနာကို ပြောင်းရွှေ့ကြေး ပိုပေးတဲ့ ချယ်လ်ဆီးဆီသာ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။

ဆလိုနီနာကလည်း ကော်တိုရစ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ထက် သူ့အတွက် ပွဲထွက်ခွင့် ရဖို့ အလားအလာ ပိုကောင်းတဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပြီး နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဆလိုနီနာကို ပြောင်းရွှေ့ကြေး ဒေါ်လာ ၁၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

Photo Credit: The Sun

ဆလိုနီနာက ယနေ့မှာပဲ အမေရိကန်နိုင်ငံကနေ ချယ်လ်ဆီးအသင်း အခြေစိုက်ရာ လန်ဒန်မြို့ဆီ ရောက်လာကာ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ရှိနေပြီး ဆလိုနီနာက ချယ်လ်ဆီးရဲ့ ကစားသမား အဖြစ် စာချုပ် ချုပ်ဆိုပြီးသွားရင် ချီကာဂို ဖိုင်းယားဆီ ရာသီဝက်အငှားနဲ့ ပြန်ကစားသွားဖို့ ရှိကာ ဇန်နဝါရီလ ၁ရက်နေ့ ရောက်မှသာ ချယ်လ်ဆီးနဲ့ ပြန်လည် ပူးပေါင်းမယ်လို့လည်း ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။