MySport Myanmar

ဆောက်သမ်တန် လူငယ်ကြယ်ပွင့် ဒစ်ဘလင်ကို ခေါ်ယူနိုင်တော့မယ့် ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ လူငယ် အကယ်ဒမီ အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ဆောက်သမ်တန်ရဲ့ လူငယ်ကြယ်ပွင့် ဒစ်ဘလင်ကို ခေါ်ယူဖို့ တရားဝင် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၁၆ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား တိုင်လာ ဒစ်ဘလင်က ဆောက်သမ်တန် ယူ-၁၈နဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်သူ ဖြစ်ပြီး အင်္ဂလန် ယူ-၁၆ အတွက် ၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သူပါ။

Photo Credit: Caught Offside

တိုင်လာ ဒစ်ဘလင်က ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားသူ ဖြစ်ပေမယ့် ဘယ်တောင်ပံနဲ့ ညာတောင်ပံတွေမှာပါ ကစားနိုင်စွမ်း ရှိပြီး သူ့ရဲ့ ဘောလုံးအမြင် ၊ နည်းစနစ်ပိုင်း ပြည့်ဝမှုတို့ကြောင့်ပဲ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေက ဒစ်ဘလင်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် လူငယ်ကြယ်ပွင့်တွေနဲ့ ပတ်သတ်ရင် လက်သွက်တတ်တဲ့ ချယ်လ်ဆီးက ပြိုင်ဘက်အသင်းတွေကို နောက်ကောက်ချကာ ဒစ်ဘလင်ကို ခေါ်ယူဖို့ အသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာ ဒစ်ဘလင်က ချယ်လ်ဆီးရဲ့ ယူ-၁၈အသင်းနဲ့ ပူးပေါင်းတော့မယ်လို့ ဒေသတွင်း သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။

Photo Credit: Caught Offside

နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ချယ်လ်ဆီးက ဒစ်ဘလင်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း အတည်ပြုပေးခဲ့ပြီး ချယ်လ်ဆီးက ဒစ်ဘလင် အတွက် ဆောက်သမ်တန်ထံ ပြောင်းရွှေ့ကြေး ပေါင် ၁.၅သန်း အထိ ပေးချေခဲ့ရကြောင်း ဆိုပါတယ်။

Exit mobile version